နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် သည် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၃၉)ကြိမ်မြောက်အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်


မေ ၂၁

       နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် သည် ဗီယက်နမ်နိုင်ငံ၊ ဟလောင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့်လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် (၃၉)ကြိမ် မြောက် အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် Mr. Tan Qingsheng နှင့် အတူ ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက် (DOC) အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို ပြန်လည် သုံးသပ် ခဲ့ကြပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု တိုးတက်စေရေးအတွက် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုကို အထောက်အကူပြုစေသည့် လုပ်ငန်းစဉ်အသစ်များ ကြိုဆိုခဲ့ကြပါ သည်။

      အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးအား ညှိနှိုင်းခြင်းတွင် သမိုင်းမှတ်တိုင် အဖြစ် စိုက်ထူစေနိုင်သည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်း စာသားအား ဒုတိယအကြိမ် ဆွေးနွေးမှု ပြီးဆုံးခဲ့ပါသည်။ ထို့ပြင် ထိရောက်၍ အနှစ်သာရ ပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ အပြီးသတ်ရေး အရှိန်မြှင့်တင်ခြင်းဆိုင်ရာ လမ်းညွှန်စာတမ်းကို အပြီးသတ် ဆွေးနွေးနိုင်ခဲ့ပါသည်။

     ဆက်လက်ပြီး DOC အကောင်အထည်ဖော်ရေးဆိုင်ရာ  (၄၀)ကြိမ်မြောက် အာဆီယံ-တရုတ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂-၂၄ ရက်နေ့များတွင် ဖိလစ်ပိုင်နိုင်ငံ တွင် ကျင်းပရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။
Souce;MOFA

https://t.me/positiveanglenews

PAN