ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အနီးသို့ KNLA  တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိ


မေ ၂၄
     
          ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အနီးတစ်ဝိုက်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KNLA  တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများက ယနေ့ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

        ဖြစ်စဉ်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အနီးတစ်ဝိုက်၌ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယမန်နေ့ညနေ ၃ နာရီ ၄၀ မိနစ် ခန့်တွင် KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများက မြို့၏အနောက် မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်မှုကိုလိုလားသူများသည် မြို့၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါ KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကျိုက်ဒုံမြို့အဝင်တံတားအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အသက် ၉ နှစ် အရွယ်ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင် ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်​ပြန်ထားပါသည်။

PAN