ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေထိုင်နိုင်ဖို့အတွက်ဆိုရင် မိသားစုအတွင်းမှာဖြစ်စေ၊ ချစ်သူသမီးရည်းစားတွေ ကြားမှာဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ ကောင်းမွန်တဲ့ပေါင်းသင်း ဆက်ဆံရေးက အလွန်ကိုအရေးကြီးတဲ့အရာတစ်ခု ဖြစ်တာတွေ့ရမှာပါ။
ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ကိုယ့်ကိုပတ်ဝန်းကျင်က ဖယ်ကြဉ်ထားတယ်လို့ အတွေးတွေ ဝင်လာမယ်။ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်လာမယ်။ ကိုယ့်ရဲ့လုပ်ငန်းမှာထိခိုက်လာမယ်။ စီးပွားရေး ကျဆင်းလာမယ်။
နောက်ဆုံးဘဝပါချွတ်ခြုံကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတယ်လို့ဆိုရခြင်းပါ။
ကိုယ်က အတတ်ပညာတစ်ခုခုမှာ ဘယ်လောက်ထိပဲ တော်တတ်နေပါစေ။ ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။
လူသားတိုင်းဟာ သူတို့ရဲ့ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းလိုကြသူချည်းပါပဲ။ ဒီတော့ အခု ၂၀၂၃ ခုနှစ်ကို ပိုမိုပျော်ရွှင်တဲ့ဘဝနဲ့ နေထိုင်လိုတယ် ဆိုရင်တော့ အောက်မှာဆက်လက်ဖော်ပြသွားမယ့် အချက် ၇ ချက်ကို ကြိုးစားလုပ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုပါတယ်။ ဒါဆိုရင် အဲဒီ ၇ ချက်က ဘာတွေလဲဆိုတာ ကျွန်တော်တို့ ဆက်ပြီးကြည့်လိုက်ရအောင်။
၁၉၃၈ ခုနှစ်တုန်းက ဟားဗတ်တက္ကသိုလ်မှ သုတေသီများဟာ လူသားတစ်ယောက်အနေနဲ့ အသက်ရှင်သန်ဖို့ ဘယ်အရာက တွန်းအားပေးနေတာလဲဆိုတာကို သုတေသနပြုလေ့လာမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
ဒီအတွက် သုတေသီများက လူ ၇၂၄ ဦးကို သုတေသနအတွက်ရွေးချယ်ပြီး သူတို့ရဲ့ငယ်ဘဝအစမှသည် ဘဝနေဝင်ချိန်အထိကို လေ့လာမှုတွေပြုခဲ့ကြပါတယ်။
အခုတော့ အဲဒီသုတေသနဟာ နှစ်ပေါင်း ၈၅ နှစ်ကြာမြင့်ခဲ့ပြီးနောက် မျိုးဆက် ၃ ခုအထိ ဆက်လက် ဆင်းသက်လာကာ မူလသုတေသနပြုမှုကနေ မျိုးကွဲပေါင်း ၁၃၀၀ ကျော်အထိ ပွားများလာတာကို တွေ့ရပါတယ်။
ဒါပေမဲ့ သုတေသနရဲ့အနှစ်ချုပ်ကို ပြန်လည်ခြုံငုံကြည့်လိုက်တော့ လူသားတွေရဲ့ဘဝကို ပျော်ရွှင်အောင် ဖန်တီးပေးနေတဲ့အရာက တစ်ခုတည်းသာရှိတာကို တွေ့လိုက်ရပါပြီ။ အဲဒါကတော့ ခိုင်မာတဲ့ဆက်ဆံရေး အခြေအနေပါပဲ။
The Good Life: Lessons From The World’s Longest Scientific Study Of Happiness ဆိုတဲ့စာအုပ်မှာ ဟားဗတ်ဆေးကျောင်းနဲ့ ဘရင်းမားကောလိပ်တို့မှ စိတ်ပညာရှင်ပါမောက္ခများဖြစ်တဲ့ ရောဘတ်ဝဲဒင်းဂါးနဲ့ မာ့ရှောတို့က ၈၅ နှစ်ကြာသုတေသနရဲ့အနှစ်ချုပ်ကို ကောက်ယူဖော်ပြထားတာ တွေ့ရမှာပါ။
ဒီနှစ်အတွင်းမှာ ကျန်းမာပျော်ရွှင်ချင်တယ်ဆိုရင်တော့ ဆက်ဆံရေးကောင်းကို ပြုစုပျိုးထောင်ဖို့အတွက် အချိန်ယူပါလို့ စာရေးသူများက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လူမှုဆက်ဆံရေးဆိုင်ရာ ကြံ့ခိုင်ရေးကလည်း ကိုယ်ခန္ဓာကြံ့ခိုင်ရေးကဲ့သို့ပင်အရေးကြီးကြောင်းနဲ့ လျစ်လျူရှုခံထားရတဲ့ ဆက်ဆံရေးက လှုပ်ရှားမှုမရှိတဲ့ ကြွက်သားတွေလိုမျိုးပဲ ကြုံလှီချည့်နဲ့သွားနိုင်တယ်လို့ ပါမောက္ခရောဘတ်ဝဲဒင်းဂါးက ပြောပါတယ်။
လူမှုဘဝတွေဆိုတာလည်း အသက်ရှင်သန်နေထိုင်မှု စနစ်တစ်ခုဖြစ်ပြီး လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်ပြီးတစ်ပတ်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လေ့ကျင့်ပေးနေမှသာ ကြီးမားတဲ့ အကျိုးကျေးဇူးများကို ရရှိမှာပါ။
ဟားဗတ်တက္ကသိုလ်ရဲ့တွေ့ရှိချက်ကတော့ လူမှုဆက်ဆံရေးကောင်းတဲ့သူတွေဟာ အသက်ရှည်ရှည်နေရတယ်။ စိတ်ဖိစီးမှုနည်းပါးတယ်။ စိတ်ဓာတ်ကျဆင်းမှုမရှိဘူး။ မှတ်ဉာဏ်နဲ့ဘာသာစကားပိုင်းဆိုင်ရာမှာ ယိုယွင်းကျဆင်းမှုမရှိဘူး။
အပြန်အလှန်အနေနဲ့ ဆက်ဆံရေးကောင်းမရှိတဲ့ အထီးကျန်နေထိုင်သူများကတော့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေရှိတာကို တွေ့ရပါတယ်။
မိတ်ဆွေဖွဲ့ရာမှာ မိတ်ဆွေများရင်ပြီးရောဆိုတဲ့ အရေအတွက်ထက် ကိုယ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် မိတ်ဆွေကောင်းကိုရှာဖွေပါ။ သူတို့နဲ့အတူတူ အလုပ်လေးတွေကိုလုပ်ပါ။ ဥပမာ-ဇာထိုး၊ ပန်းထိုးခြင်း၊ အတူတူတောင်တက် ခရီးသွားခြင်းမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။
လူတွေကအမှန်လို့ယူဆထားတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒါက အသက်ကြီးမှမိတ်ဆွေဖွဲ့ခြင်းက နောက်ကျလွန်းနေပြီလို့သတ်မှတ်ထားခြင်းပါပဲ။
တကယ်တော့ အဲဒီလိုသတ်မှတ်ထားခြင်းက မှန်ကန်မှုမရှိပါဘူး။ ဥပမာတစ်ခုပြရရင် အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတစ်ဦးဟာ အငြိမ်းစားယူပြီးမှ အားကစားရုံကိုသွားပါတယ်။
အားကစားရုံကိုနေ့စဉ်လိုလိုသွားပြီး သုံးလအကြာမှာတော့ သူ့မှာမိတ်ဆွေအပေါင်းအသင်းက ယခင်က ထက်ပိုမိုများပြားလာတာကို တွေ့ရပါတယ်။
ဒီတော့ ကိုယ့်ရဲ့ဆက်ဆံရေးအခြေအနေတိုးတက်စေဖို့အတွက် လုပ်ရမယ့်စိန်ခေါ်မှုတစ်ခုက ကိုယ်နဲ့လိုက်လျောညီထွေ ဖြစ်စေမယ့် မိတ်ဆွေများနဲ့ မိတ်ဖွဲ့ခြင်းပဲ ဖြစ်ပါတယ်။
၈ မိနစ်ကြာဖုန်းပြောမှုရဲ့ လျှိုဝှက်ချက်
သင်ချစ်တဲ့သူတစ်ယောက်ယောက်အကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ သူ့ကိုလွမ်းနေတာလား။ သူနဲ့စကားတွေ ပြောချင်နေတာလား။
ဒါဆိုရင်တော့ ငါတို့ ၈ မိနစ်ကြာဖုန်းပြောကြရအောင်ဆိုပြီး စာတိုလေးတစ်စောင် သူ့ဆီကို ပို့လိုက်ပါ။ အဲဒါကို အခုဒီစာဖတ်နေတဲ့အချိန်လုပ်လိုက်ပါ။ ဒါမှမဟုတ် အခုသီတင်းပတ်အတွင်း တစ်ချိန်ချိန်မှာလုပ်ဖို့အတွက် မှတ်ထားလိုက်ပါ။
ဒီလိုမျိုး ၈ မိနစ်ကြာဖုန်းပြောပြီးပြီဆိုရင် နောက်ထပ်ဘယ်အချိန်မှာ ထပ်တွေ့ကြမယ်ဆိုတာကို အတူတကွဆုံးဖြတ်ပါ။ ပြီးတဲ့အခါ ပျော်ရွှင်စွာနှုတ်ဆက်ပြီးနောက် ဖုန်းကိုချလိုက်ပါ။
တချို့အလုပ်များတဲ့သူတွေက ငါတို့မှာတော့ တစ်ချိန်ချိန်မှာ အချိန်ပိုထွက်လာမှာပါ။ အဲဒီအခါကျမှပဲ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ဆက်သွယ်လိုက်ပါမယ်လေလို့ တွေးထင်ယူဆကြလေ့ ရှိပါတယ်။
တကယ်တမ်းတော့ အဲဒီလိုအတွေးက ဘယ်တော့မှလက်တွေ့အကောင်အထည်မပေါ်လာပါဘူး။ ဒီတော့ အခုပဲ ဖုန်းကိုကောက်ကိုင်ပြီး အချိန်ပေးလိုက်ပါလို့ ပါမောက္ခဝဲဒင်းဂါးက အကြံပေးထားပါတယ်။
သုတေသနပညာရှင်များက ၂၀၂၁ ခုနှစ်အတွင်းမှာ သက်ကြီးရွယ်အို အယောက် ၂၄၀ ကို သုတေသနပြုခဲ့ပါသေးတယ်။ အဲဒီထဲကမှ တချို့သက်ကြီးရွယ်အိုများဟာ သီတင်းပတ်တစ်ပတ်အတွင်းမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အကြိမ်ရေ အနည်းငယ်၊ အချိန်အနည်းငယ်လောက်ဖုန်းပြောခဲ့ကြရတာရှိပါတယ်။
ဒီလိုဖုန်းပြောခွင့်ရလိုက်သူတွေဟာ ဖုန်းပြောခွင့်မရသူတွေနဲ့နှိုင်းယှဉ်ရင် အထီးကျန်ဆန်မှု၊ စိတ်ဓာတ်ကျမှု၊ စိုးရိမ်ကြောင့်ကြမှုတို့က အချိန်ခဏလေးအတွင်းမှာ လျော့ကျသွားတာကို တွေ့လိုက်ရပါတယ်။
ကျွန်တော်တို့ရဲ့ တန်ဖိုးအရှိဆုံးသော ဆက်ဆံရေးအပေါ် အနည်းငယ်မျှသာပြင်ဆင်ညှိနှိုင်းမှုက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်အပေါ်၊ ကျွန်တော်တို့ရဲ့ ဘဝအပေါ်ထားရှိတဲ့သဘောထားအပေါ် တကယ့်ကိုပဲသက်ရောက်မှု ရှိစေပါတယ်။ ဒါဟာ ကျွန်တော်တို့အနေနဲ့ သတိမထားမိတဲ့ သက်ရှိရွှေတွင်းကြီးတစ်တွင်းပါပဲလို့ ပါမောက္ခဝဲဒင်းဂါးက ပြောထားပါတယ်။
ကိုထက်