အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာဖြစ်စဉ် အပေါ်ပြုလုပ်ခဲ့သော အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်

၁။      ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်သည့် ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး ဗိုလ်ချုပ်မြတ်ကျော်  ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့အနေဖြင့် မောင်နုကျေးရွာဖြစ်စဉ်အား စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်တွင်ပါဝင်သော အရပ်သားများသည် ချွတ်ပြင်ကျေးရွာတွင် လည်းကောင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် လည်းကောင်း နေထိုင်မှုမရှိတော့ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် သွားလာမှု ကန့်သတ်ထိန်းချုပ် ထားရှိခြင်းတို့ကြောင့် ယာယီအမှု ပိတ်သိမ်းခဲ့ပါသည်။

၂။      ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဥက္ကဋ္ဌ တာဝန်ပေးအပ်ထားသော ဗိုလ်ချုပ်မြတ်ကျော်သည် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးဖြစ်သဖြင့် အောက်ပါအဖွဲ့ဝင်များ ပါဝင်သည့် အထူးစုံစမ်း စစ်ဆေးရေးခုံရုံးအဖွဲ့ကို  ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်းနှင့် လိုအပ်သည့်စစ်ဆေး ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်-

          (က)   ဗိုလ်မှူးချုပ်စိုးတင့်           ဥက္ကဋ္ဌ

          (ခ)     ဗိုလ်မှူးကြီးသန်းလှိုင်       အဖွဲ့ဝင်

          (ဂ)    ဗိုလ်မှူးကြီးမျိုးအောင်      အဖွဲ့ဝင်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့