Pump Storage ရေအားလျှပ်စစ်ဆိုတာ ဘာလဲ
သမားရိုးကျရေအားလျှပ်စစ်စက်ရုံတွေမှာ ရေအားတာဘိုင် (Turbine) တွေကိုလည်စေဖို့ အမြင့်ကရေကို အနိမ့်သို့ စီးဆင်းစေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။ Pump Storage ရေအားလျှပ်စစ် စက်ရုံဆိုတာ ကတော့ ဖော်ပြခဲ့တဲ့ အလုပ်ကိုလည်း လုပ်တယ်၊ အသုံးလိုအပ်တဲ့အခါ လျှပ်စစ်ထုတ်ပေးတဲ့တာဘိုင်စက်တွေကို မော်တာ(Motor) အဖြစ်ပြောင်းပြီး ပြောင်းပြန်အလုပ်ဖြစ်တဲ့ ရေပြန်တင်ခြင်းအလုပ်ကိုလည်း လုပ်ပေးနိုင်တယ်။
ဓာတ်အားထုတ်ဖို့တပ်ဆင်ထားတဲ့ လျှပ်ထုတ်စက်(Generator)ကို မော်တာ(Motor)အဖြစ်ပြောင်းပြီး လည်ပတ်လို့ ရအောင် လျှပ်စစ်ဆိုင်ရာ အထူးစီမံမှုတွေ ထည့်သွင်းတပ်ဆင်ထားတယ်။ အရေးကြီးတဲ့အချက်ကတော့ အနိမ့်ကရေကို အမြင့်ကို ပြန်တွန်း တင်ရာမှာ အနိမ့်ဘက်မှာ ရေလှောင်ကန်အသေးတစ်ခု သို့မဟုတ် လုံလောက်သောရေရှိနေဖို့တော့လိုပါတယ်။ ပုံမှန်အားဖြင့် ရေအားလျှပ်စစ်စက်ရုံတွေမှာ စက်ရပ်ထားချိန်မှာ စက်ရုံအနိမ့်ဘက် (Down Stream) မှာ ရေပြတ်နေ တတ်ပါတယ်။ Pump Storage ဓာတ်အားပေးစက်ရုံတွေရဲ့ Down Stream မှာတော့ အမြင့်ကိုရေပြန်တင်နိုင်ဖို့ ရေအလုံအလောက် အဆင်သင့်ရှိနေအောင် ကြိုတင်စီမံရတဲ့ အလုပ်တစ်ခု ပူးတွဲပါရှိလာပါတယ်။
Pump Storage စက်ရုံက ဘာကောင်းသလဲ
Pump Storage စက်ရုံတွေတည်ဆောက်ရင် ဘာတွေကောင်းမလဲဆိုတာရှင်းပြပါမယ်။ ရေလှောင်ကန်နဲ့တွဲပြီး လည်ပတ်ရတဲ့ စက်ရုံတွေမှာသာ ဒီနည်းကိုသုံးကြရပြီး တိုက်ရိုက်ရေစီးစနစ် (Run-off-River Type) တွေမှာ သုံးလို့အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ Pump Storage ဆောင်ရွက်ချင်တယ်ဆိုရင် အောက်ပါအချက်တွေ ပြည့်စုံနေရပါမယ်။
(က) အပေါ်ရေကန် (Storage Reservoir) က သင့်တင့်သော ရေပမာဏကို သိုလှောင်နိုင်ရမယ်။
(ခ) အောက်ရေကန် (Down Stream Pond) သို့မဟုတ် မြစ်ချောင်းဟာ လုံလောက်သောရေပမာဏကို ပြန်လည် တွန်းတင် အသုံးပြုဖို့ အဆင်သင့်ရှိနေရမယ်။
(ဂ) လျှပ်ထုတ်စက်များကို စွမ်းဆောင်ရည်နှစ်မျိုး (Turbine and Motor Action) ပူးတွဲထည့်သွင်း ဒီဇိုင်းထုတ်ထားရမယ်။
(ဃ) မဟာဓာတ်အားလိုင်းစနစ် (National Grid or Local Grid) နဲ့ ချိတ်ဆက်ထားတဲ့စက်ရုံဆိုလျှင် ဓာတ်အား တည်ငြိမ်မှု အတွက် ပိုပြီးအကျိုးဖြစ်ထွန်းမယ်။
စတဲ့အချက်တွေနဲ့ ပြည့်စုံဖို့လိုပါတယ်။
Pump Storage စက်ရုံများကို ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်နေတယ်ဆိုတဲ့အချက်ဟာ အလွန်အရေးကြီးတဲ့အချက်ပါ။
Pump Storage စက်ရုံတစ်ရုံရဲ့ အဓိကလုပ်ငန်းတာဝန်တွေကတော့ –
(က) ဓာတ်အားအမြင့်ဆုံး လိုအပ်နေချိန်မှာ အမြင့်မှရေ(အပေါ်လှောင်ကန်မှရေ)ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် ပေးခြင်း၊ (သမားရိုးကျဓာတ်အားပေးစက်ရုံများအတိုင်း)
(ခ) ဓာတ်အားစနစ်အတွင်း ဓာတ်အားပိုလျှံနေသောအချိန်မှာပိုလျှံဓာတ်အားကိုသုံးစွဲပြီး အောက်မှ အပေါ်ရေလှောင်ကန်ထဲသို့ ရေပြန်တင်ပြီး ရေစုဆောင်းခြင်း၊
(ဂ) ဓာတ်အားစနစ်အတွင်းတွင် ဓာတ်အားသုံးစွဲသူနည်းပါးသွားချိန် စနစ်အတွင်း ဖြစ်ပေါ်လာသော ဗို့အား(Voltage) မြင့်တက်မှု၊ လျှပ်စစ်ကြိမ်နှုန်း (Frequency) မြင့်တက်မှုများမဖြစ်ပေါ်စေရန်၊ ဓာတ်အားစနစ် အရည်အသွေး မကျစေရန် ပိုလျှံဓာတ်အားကို ထိန်းညှိပေးခြင်း။
ဖော်ပြခဲ့တဲ့ အချက်သုံးချက်မှာ ပထမအချက်ဟာ ပုံမှန်သမားရိုးကျ ရေအားလျှပ်စစ်စက်ရုံတွေရဲ့ အလုပ်ကို Pump Storage စက်ရုံကလည်း လုပ်ပေးနိုင်တယ်ဆိုတာပြတာပါ။
ဒုတိယအချက်ကတော့ နိုင်ငံအချို့မှာ ဓာတ်အားခတွေကို နှစ်မျိုးခွဲထားတတ်ကြတယ်။ ပုံမှန်ဓာတ်အားအများဆုံးသုံးတဲ့အချိန် (Peak Time)မှာ တစ်ဈေးနဲ့ အသုံးအနည်းဆုံးအချိန်(Off-Peak) တွေမှာတစ်ဈေးဆိုပြီး ဓာတ်အားတစ်ယူနစ်ဈေးတွေ မတူညီကြပါဘူး။ အချို့နိုင်ငံတွေမှာ နှစ်ဆ၊ အချို့ဆိုရင် သုံးဆလောက်နီးနီးထိ ကွာကြပါတယ်။ ဒါကိုအသုံးချပြီး ဈေးသက်သာတဲ့ အချိန် ဓာတ်အား ပြန်ဝယ်ပြီး ရေတင်တယ်။ ဈေးကောင်းရတဲ့အချိန် ပြန်ချမောင်းပေးတယ်။ စီးပွားရေးရှုထောင့်ကကြည့်သလို ရေအဝင်နည်းတဲ့အချိန် ရေလှောင်ကန်တွေထဲကို ရေပြန်တင်နိုင်လို့ ရေအရင်းအမြစ်ကို အကျိုးရှိအောင်သုံးတဲ့သဘောလည်း သက်ရောက်ပါတယ်။
တတိယအချက်ကတော့ အလွန်အရေးကြီးတဲ့အချက်ပါ။ နိုင်ငံတစ်နိုင်ငံလုံး ဒါမှမဟုတ် ဒေသတစ်ခုလုံးကိုကိုင်ထားတဲ့ ဓာတ်အား ပေးရေး ကုမ္ပဏီပဲဖြစ်ဖြစ်၊ နိုင်ငံတော်ပိုင်အဖွဲ့ပဲဖြစ်ဖြစ် သူတို့အကြောက်ဆုံးဟာ ဓာတ်အားစနစ်ထဲမှာ ဓာတ်အားမလုံလောက်၍ သော်လည်းကောင်း၊ ဓာတ်အားပိုလျှံနေ၍သော်လည်းကောင်း ဗို့အားနဲ့ကြိမ်နှုန်းမငြိမ်မှာကိုအကြောက်ဆုံးပါ။ ဘာကြောင့်လဲဆိုတော့ သတ်မှတ်ခွင့်ပြုထားတာထက်ပိုပြီး မတည်မငြိမ်ဖြစ်လာရင် ဓာတ်အားစနစ်နဲ့ ချိတ်ဆက်လည်ပတ်နေတဲ့ ဓာတ်အားပေးစက်တွေမှာ တပ်ဆင်ထားတဲ့ပစ္စည်းတွေ မထိခိုက်စေဖို့ အလိုလျောက်ဓာတ်အားဖြတ်တောက်လိုက်မှာဖြစ်လို့ပါပဲ။
ဒီလိုသာ အလိုအလျောက်ဓာတ်အားဖြတ်တောက်လိုက်ရင် ဓာတ်အားစနစ်တစ်ခုလုံး မှောင်ကျသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးမကြုံအောင် လျှပ်စစ်စီမံခန့်ခွဲသူတွေဟာ နည်းနှစ်မျိုးနဲ့ ဖြေရှင်းကြပါတယ်။ တစ်မျိုးကတော့ အသုံးအနည်းဆုံး အချိန်ကို ဓာတ်အားသုံးစွဲသူတွေ ရွှေ့ပြောင်းသုံးစွဲချင်လာအောင် အချိန်ပိုင်းဓာတ်အားခသက်သာတဲ့နှုန်းနဲ့ ကောက်ခံတာ၊ အသုံး အများဆုံးအချိန်တွေမှာ လျှော့သုံးစေချင်လို့ ဓာတ်အားခ အဆတိုးကောက်ခံတာတွေနဲ့ ဓာတ်အားစနစ်တည်ငြိမ်အောင် ဖြေရှင်းကြ ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ဓာတ်အားအလုံးအရင်းနဲ့သုံးသူတွေကိုဦးတည်ပါတယ်။ ဒီလိုလုပ်လိုက်လို့ အားလုံးပြေလည် သွားတာတော့မဟုတ်ပါဘူး။ အချိန်ပြောင်းပြီးသုံးစွဲလို့မရတဲ့ ၂၄ နာရီ ဆက်တိုက်ဆောင်ရွက်နေရတဲ့
ဓာတ်အားသုံးစွဲသူ အချို့ကလည်း ရှိနေပါတယ်။ ဓာတ်အားအသုံး အနည်းဆုံးအချိန်တွေမှာလည်း ဓာတ်အားတွေများစွာ ပိုလျှံနေတာ တွေဟာ ဖြစ်နေဆဲပါပဲ။ ဒီလိုဓာတ်အားတွေပိုလျှံနေရင် စက်ရုံတွေကိုလျှော့မောင်းလိုက်ပါ လားလို့ ပြောကောင်းပြောကြပါလိမ့်မယ်။ ရှင်းပြပါမယ်။ အရင်းအမြစ်မတူတဲ့ ဓာတ်အားပေးစက်ရုံတွေစုစည်းပြီး မောင်းနှင်လည်ပတ်မှုမှန်မှ ဓာတ်အားခဈေးနှုန်း သက်သာ မယ်၊ ဓာတ်အားစနစ်တည်ငြိမ်မယ်ဆိုတဲ့ အခြေခံသဘောတရားက ဒီနေရာမှာ အလွန်အရေးပါလာပါတယ်။ ဥပမာအားဖြင့် နျူကလီးယား ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှစ်မျိုးဟာ ဓာတ်အားခဈေးနှုန်း သက်သာတယ်။ ဒါပေမဲ့ အဲဒီစက်အမျိုးအစားတွေဟာ သတ်မှတ်ထားတဲ့ ထုတ်လုပ်နိုင်မှုအတိုင်း အချိန်ပြည့်မောင်းနှင်နေရတဲ့ အမျိုးအစားတွေသာဖြစ်လို့ ဓာတ်အားသုံးစွဲမှုကိုလိုက်ပြီး ဓာတ်အားထုတ်လုပ်မှု အတိုးအလျှော့ပြုလုပ်ခြင်းမျိုးကို လုပ်လို့မရပါဘူး။ တဖြည်းဖြည်းချင်း နာရီ ပေါင်းများစွာ အချိန်ပေးပြီး အလျှော့အတိုးလုပ်ရတဲ့ စက်တွေဖြစ်ပါတယ်။ ဒါကြောင့် ဒီစက်မျိုးကို အခြေဝန်လို့ခေါ်တဲ့ (Base Load)နေ့တစ်နေ့ရဲ့ ပျမ်းမျှအနည်းဆုံး လိုအပ်ချက်ကို မောင်းနှင်ပေးဖို့ ပုံမှန်လည်ပတ်နေဖို့သာ သုံးစွဲရတာပါ။
ဓာတ်ငွေ့လို (LNG အပါအဝင်) အရင်းအမြစ်မျိုးကတော့ ဒီဇယ်စက်လိုပါပဲ။ ဓာတ်အားစနစ်မှာ ဓာတ်အားလိုအပ်ချက် လျော့လာရင် ထုတ်လုပ်မှုကို တဖြည်းဖြည်း လျှော့ချပေးလို့ရပါတယ်။ ဒါပေမဲ့ စက်ကို ရပ်လိုက်နှိုးလိုက်လုပ်တဲ့အထိ လျှော့ချရပြီဆိုရင်တော့ ဒီစက်တွေရဲ့ သက်တမ်းဟာ ပုံမှန်ထက်ပိုပြီး တိုသွားတတ်ပါတယ်။