ပဲခူးမြစ်ကနေ ဝါးဖောင်နဲ့ သစ်သယ်သူ ၂ ဦးဖမ်းဆီးခံရ

(မှုခင်း) စက်တင်ဘာ ၂၂

ပဲခူးမြစ်အတွင်းကနေ သစ်တွေ တရားမဝင် သယ်ဆောင်လာတဲ့ အမျိုးသား နှစ်ဦးကို ပဲခူးမြို့နယ်အတွင်းမှာ စက်တင်ဘာ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ရပ်ကွက်မှာရှိတဲ့ ပဲခူးမြစ်အတွင်းမှာ ဝါးဖောင်နဲ့ သစ်တွေတရားမဝင် သယ်ဆောင်နေတဲ့ သတင်းအရ ပဲခူးမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ရာကနေ ဖမ်းဆီးရမိတာလို့ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၁၁ နာရီခန့်က ပဲခူးမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ထွန်းထွန်း(၄၂)နှစ်နဲ့ ရွာသစ်ရပ်ကွက်နေ အာကာကျော်(၂၄)နှစ်တို့ဟာ ကာလီဗာရေဆိပ်မှာရှိတဲ့ ဝါးဖောင်အောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ သစ်တွေကို ကမ်းစပ်ကုန်းပေါ်ကိုသယ်ဆောင်ကာ ချိန်းဇောစက်နဲ့ ခွဲစိတ်ပြီး သယ်ဆောင်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ရှိခဲ့လို့ စစ်ဆေးခဲ့ရာမှာ  မျောက်ငိုသစ် ဆိုဒ်စုံ ၆ ချောင်း၊ ဒီဒူးသစ် ဆိုဒ်စုံ ၆ ချောင်း၊ သရက်နီသစ် ဆိုဒ်စုံ  ၂ ချောင်း၊ စုစုပေါင်း ၂.၈၈၄၂ တန်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သစ်​တွေနဲ့ပတ်သက်ပြီး စစ်မေးရာမှာ သစ်ပိုင်ရှင်ဟာ ရွာသစ်ရပ်ကွက်မှာနေထိုင်တဲ့ ကျော်ဝေရဲ့ သစ်တွေ ဖြစ်တာကို စစ်ဆေးသိရှိရတာကြောင့် ထွန်းထွန်း၊  အာကာကျော်နဲ့ ကျော်ဝေတို့ကို ပဲခူးမြိုမရဲစခန်းက (ပ)၃၂၈/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၄၁(က)/ ၄၂(ခ) နဲ့ အမှုဖွင့်အရေးယူထားရှိပြီး ကျော်ဝေကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#PAN