ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဩဂုတ် ၁၁

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်းလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများသီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

     ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေး နွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူး လွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၀ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် လက်လုပ်ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၅ တောင့်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက
အသီးသီးလက်ခံရယူပြီး လက်နက်၊ ခဲယမ်းပါရှိမှုအတွက် ဆုကြေးငွေများ ပြန်လည်ပေးအပ် သည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ် ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

       ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများထိုက်ထိုက်တန်တန် ထောက် ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြို ဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက် နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN