ပဲခူးမြို့အဝင် ကလိကျေးရွာရှိ လမ်းနယ်ကျူးကျော်ဆောက်လုပ်မှုများ ဖယ်ရှားပေးရန် တိုင်ကြား

(ပြည်တွင်း) နိုဝင်ဘာ ၂၁

ပဲခူးမြို့အဝင် ကလိကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း လမ်းဦးစီးဌာနပိုင် လမ်းနယ်အတွင်း မီးရထားလမ်းအနီး မိုင်တိုင်အမှတ် ၅၂/၆ ဝန်းကျင်၌ ကျူးကျော်နေအိမ်များနှင့် ပျံကျဆိုင်ခန်းများ အခိုင်အမာဆောက်လုပ်လာမှုကို တည်ဆဲဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင်းပေးရန် ဒေသခံပြည်သူများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနများထံ နိုဝင်ဘာ ၁၀ ရက်တွင် တင်ပြတိုင်ကြားထားကြောင်း သိရသည်။

အဆိုပါနေရာတွင် လူတစ်စုက အုပ်စုဖွဲ့ကျူးကျော်၍ အဆောက်အအုံများ ဆောက်လုပ်လာခြင်းကြောင့် ယာဉ်မတော်တဆမှုအသေးစားများ မကြာခဏဖြစ်ပွားခြင်း၊ အများပြည်သူ လမ်းအသုံးပြုရာတွင် အနှောင့်အယှက်ဖြစ်ပေါ်ခြင်းတို့ရှိကြောင်း တိုင်ကြားထားသည်။ထို့ပြင် ကျူးကျော်နေထိုင်မှုများသည် မြို့တော်ကို အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော်ဖြစ်လာစေရန် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်လည်း အမြင်မတင့်တယ်ဖြစ်စေကြောင်း၊ နိုင်ငံတော်က ဖွင့်လှစ်ထားသည့် ကလိ ၆ ထပ်ဆေးရုံကြီးအနီးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အနာဂတ်တွင် ရန်ကုန်-မန္တလေးကားလမ်းဟောင်းကို လိုအပ်ချက်အရ အဆင့်မြှင့်တင်ဆောင်ရွက်လာပါက ကျူးကျော်နေထိုင်သူများနှင့် သက်ဆိုင်ရာဌာနများအကြား ပဋိပက္ခနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် လမ်းဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင်းပေးရန် တိုင်ကြားမှုတွင် ထည့်သွင်းထားကြောင်း သိရသည်။

ဒေသခံရပ်မိရပ်ဖတစ်ဦးက ယခင်က ဝါးရောင်းချသည့် ကျူးကျော်ဆိုင်တစ်ဆိုင်သာရှိခဲ့သော်လည်း ယခုလပိုင်းအတွင်း ဖရဲသီးဆိုင်အပါအဝင် အဆောက်အအုံများ တဖြည်းဖြည်းတိုးချဲ့ဆောက်လုပ်လာပြီး အခိုင်အမာနေထိုင်လာကြကြောင်း ပြောသည်။

လက်ရှိကျူးကျော်ဆောက်လုပ်ထားသည့် နေရာသည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မပါဝင်ဘဲ ကလိကျေးရွာအဆင့်သာရှိသေးကြောင်း၊ အနာဂတ်တွင် မြို့ဧရိယာအတွင်း ပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးအမှုဆောင်အရာရှိတို့ထံ တိုင်ကြားထားသော်လည်း လက်ရှိအချိန်အထိ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခြင်း၊ စုံစမ်းခြင်း၊ အရေးယူခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်နေသည်ကို မကြားသိရသေးကြောင်း ဒေသခံရပ်မိရပ်ဖက ပြောကြားသည်။

ကျူးကျော်ဆောက်လုပ်မှုများ ပိုမိုများပြားလာပါက နောင်တွင် ဖယ်ရှားရှင်းလင်းရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုခက်ခဲလာနိုင်သဖြင့် ယခုအချိန်တွင် သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN