သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်စည်းကမ်းများ မလိုက်နာသည့် သတင်းအေဂျင်စီ ၁၀ ခု၏ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းထား

(ပြည်တွင်း) နိုဝင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ သတင်းမီဒီယာဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာခြင်းမရှိသည့် သတင်းအေဂျင်စီ ၁၀ ခု၏ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ပြန်လည်ရုပ်သိမ်းကာ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားမှုများကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်တို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သတင်းမီဒီယာဥပဒေ အခန်း (၃)၊ ပုဒ်မ ၄၊ ၅၊ ၆၊ ၇ နှင့် ၈ တို့တွင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကို ပြဋ္ဌာန်းထားပြီး အခန်း (၄)၊ ပုဒ်မ ၉ တွင် လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များကို သတ်မှတ်ထားကြောင်း သိရသည်။

သတ်မှတ်ထားသည့် ဥပဒေနှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သူများနှင့်ပတ်သက်၍ အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားလာပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ တရားစွဲဆိုခြင်း၊ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ပြန်လည်ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN