(ပြည်တွင်း) နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်တွင် သဘာဝသယံဇာတများ ပေါကြွယ်ဝနေသော်လည်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိမှသာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များနှင့် စာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် အစိုးရအဆက်ဆက်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်နှင့် ဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ချမှတ်ထားသည့် မဟာဗျူဟာများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒေသတစ်ခုနှင့် နိုင်ငံတစ်ခု၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် အားလုံးပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Telegram – t.me/positiveanglenews
#PAN