ရန်ကုန်တိုင်းတွင် အလုပ်အကိုင် ၉,၃၀၀ ကျော် ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကို ခွင့်ပြု

(စီးပွားရေး) အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၉,၃၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် ၄/၂၀၂၆ ကြိမ်မြောက် အစည်းအဝေး၌ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ၏ မတည်ရင်းနှီးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၄၈ သန်းနှင့် မြန်မာကျပ်ငွေ ၃,၁၃၃ ဒသမ ၅၉၇ သန်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် CMP (Cutting, Making, Packing) စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်းများ အဓိကပါဝင်ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေ တိုးမြှင့်မည့် လုပ်ငန်း ၈ ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၆၀ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယခုခွင့်ပြုချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ၉,၃၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Telegram – t.me/positiveanglenews

#PAN