(နိုင်ငံတကာ) အောက်တိုဘာ ၈
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ Perdana Putra Complex ၌ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံသားများအရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် မလေးရှားအတွက် အရေးပါသည့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ အာဆီယံအတွက်လည်း အရေးပါသည့်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သော်လည်း မကြာသေးမီကာလများအတွင်း ထိတွေ့ဆက်ဆံမှု လျော့နည်းခဲ့သဖြင့် ရှိရင်းစွဲချစ်ကြည်ရေးကို ပြန်လည်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာ-မလေးရှား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့်အတွက် ၂၀၂၈ ခုနှစ်တွင် နှစ် ၇၀ ပြည့်မြောက်မည့် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရေး၊ သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်မှုများ ပြန်လည်ဆောင်ရွက်ရေးနှင့် သံတမန်ရေး၊ လွှတ်တော်ရေးရာနှင့် ကဏ္ဍစုံဆက်ဆံရေးများ ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း G to G နှင့် စီးပွားရေးလုပ်ငန်းအချင်းချင်း B to B ဆက်ဆံရေး တိုးမြှင့်ရေး၊ မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ သံတမန်နယ်မြေတွင် မြန်မာနိုင်ငံ၏ သံတမန်ရေးရာလုပ်ငန်းများအတွက် နေရာရရှိနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေးအတွက် Business Forum၊ B2B၊ MSME နှင့် Digital Trade ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုများ မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
စိုက်ပျိုးရေးကဏ္ဍတွင် ဆီအုန်း၊ ရာဘာ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍများ၌ မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနံဓာတုဗေဒလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် ယခင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ မလေးရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ပညာရေးကဏ္ဍတွင် မလေးရှားနိုင်ငံ၌ မြန်မာကျောင်းသား ၃,၀၀၀ ကျော် ပညာသင်ကြားနေမှုနှင့်အတူ နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာသင်ဆုအစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာများ အပြန်အလှန်ဖလှယ်ရေး၊ သုတေသနပူးပေါင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေးကဏ္ဍတွင် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ Medical Tourism နှင့် Telemedicine ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေး၊ မီဒီယာကဏ္ဍနှင့် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်-ကွာလာလမ်ပူနှင့် ရန်ကုန်-ပီနန် တိုက်ရိုက်လေကြောင်းခရီးစဉ်များနှင့် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်များကို အသုံးချ၍ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးနှင့် လူမှုဖူလုံရေး ပိုမိုကောင်းမွန်စေရေး၊ တရားဝင်လမ်းကြောင်းမှ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေးနှင့် ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်ဆိုင်ရာ ကိစ္စရပ်များ ချောမွေ့စေရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် နေရပ်ပြန်လည်ခေါ်ဆောင်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်ရေး ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် မလေးရှားဘက်က မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ဆောင်ရေးကို အဓိကဆွေးနွေးမည့်ကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း မလေးရှားသတင်းရင်းမြစ်များက ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားများအရေးကြောင့် မလေးရှားနိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား သတင်းအချက်အလက်မျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို လက်မခံသည့်မူဝါဒဖြင့် ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများအား စိစစ်ဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus) ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မလေးရှားဝန်ကြီးချုပ်ကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမြင်များ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စများနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် မန္တလေးငလျင်အတွင်း မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ကူညီခဲ့မှုအတွက် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အနာဂတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးကုသရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများနှင့် နိုင်ငံသားဖြစ်မှု စိစစ်ရေးဆိုင်ရာ အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်သူများအား ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ သံတမန်ရေးရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။
နောက်ဆုံးတွင် နိုင်ငံတော်သမ္မတက မလေးရှားဝန်ကြီးချုပ်နှင့် မလေးရှားဘုရင်မင်းမြတ်တို့အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအကြား ဆက်လက်ထိတွေ့ဆက်ဆံကာ တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN