(ပြည်တွင်း) အောက်တိုဘာ ၇
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု **၇၈.၈၁ ရာခိုင်နှုန်း** ရှိပြီဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးငြိမ်းထက်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီတွင် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် Divine Power ကုမ္ပဏီက ခွင့်ပြုရန်ပုံငွေ **ကျပ် ၉.၅၉၆ သန်း** ဖြင့် ဆောင်ရွက်နေသည့် မြို့နယ်ထွေ/အုပ်ရုံး (အဟောင်း) ပြုပြင်ခြင်းလုပ်ငန်း၊ ရန်ပုံငွေ **ကျပ် ၃.၅၆၃ သန်း** ဖြင့် ဆောင်ရွက်နေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် (အဟောင်း) ပြုပြင်ခြင်းလုပ်ငန်းနှင့် ရန်ပုံငွေ **ကျပ် ၃.၄၅၉ သန်း** ဖြင့် ဆောင်ရွက်နေသည့် မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးနေအိမ် (အဟောင်း) ပြုပြင်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် AIGD Family ကုမ္ပဏီက ရန်ပုံငွေ **ကျပ် ၆.၅၁၇ သန်း** ဖြင့် ဆောင်ရွက်နေသည့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အဦ နံကပ် ၂ ထပ် ပြုပြင်ခြင်းလုပ်ငန်းကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့တွင် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများအနက် **အဆောက်အဦ ၄၂ လုံးကို ဒေသခံကုမ္ပဏီ ၁၆ ခုက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး** လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၇၈.၈၁ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးစဉ် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေးနှင့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN