

(နိုင်ငံတကာ) အောက်တိုဘာ ၇
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုစရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက်တွင် ကွာလာလမ်ပူမြို့၌ ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မလေးရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် အကျိုးတူ စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ၏ မလေးရှားခရီးစဉ်သည် အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။