အယ်လ်နီညိုကြောင့် ရေ၊ အစားအစာပြတ်လပ်မှုမဖြစ်ရေး ကြိုတင်ပြင်ဆင်ရန် သမ္မတမှာကြား

(စီးပွားရေး) အောက်တိုဘာ ၅

အယ်လ်နီညိုအခြေအနေကြောင့် အပူချိန်မြင့်တက်လာနိုင်သဖြင့် ရေချွေတာသုံးစွဲရေး၊ မြေအောက်ရေရယူရေးနှင့် ဆိုလာစနစ်များ တိုးမြှင့်အသုံးပြုရေး ဆောင်ရွက်ရန်၊ အပူရှောင်စခန်းများ ကြိုတင်ပြင်ဆင်ထားရန်နှင့် အစားအစာမပြတ်လပ်ရေးအတွက် တာရှည်ခံသီးနှံများ အရှိန်မြှင့်ထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက်တွင် ကျင်းပသည့် စီးပွားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲ၌ မှာကြားခဲ့သည်။

အယ်လ်နီညိုအခြေအနေကြောင့် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့် မြို့နယ်များရှိနေသဖြင့် ရေချွေတာသုံးစွဲရေး၊ ဆိုလာစနစ်များ တိုးမြှင့်အသုံးပြုရေးနှင့် မြေအောက်ရေရယူရေးတို့ကို ဆောင်ရွက်ရန် သမ္မတက မှာကြားခဲ့သည်။

ထို့အပြင် အပူရှောင်စခန်းများကိုလည်း ကြိုတင်ပြင်ဆင်ထားရန် ပြောကြားခဲ့သည်။အစားအစာမပြတ်လပ်ရေးအတွက် အာလူး၊ ဘူးသီး၊ ဝဥ၊ ကျောက်ဖရုံသီးနှင့် ကြက်သွန်ကဲ့သို့ တာရှည်ခံသီးနှံများကို အရှိန်မြှင့်ထုတ်လုပ်ရန်လည်း မှာကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရေ၊ စားရေရိက္ခာ ပြတ်လပ်မှုများ မကြုံတွေ့ဘဲ အယ်လ်နီညိုအခြေအနေကို ကျော်လွှားနိုင်ရေး အလေးထားဆောင်ရွက်ရန် သမ္မတက မှာကြားခဲ့ကြောင်း သိရသည်။

ပြည်တွင်းထုတ်လုပ်မှုနှင့် အလုပ်အကိုင် တိုးမြှင့်ရန်အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံ့စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ပြီး ပြည်တွင်းထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန်လည်း သမ္မတက မှာကြားခဲ့သည်။

လက်ရှိ GDP တိုးတက်မှုမှာ ၃ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ ထုတ်လုပ်မှုအခက်အခဲများနှင့် အဖျက်လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် ပြန်လည်ပြုပြင်ရသည့် ကုန်ကျစရိတ်များက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေကြောင်း သမ္မတက ပြောကြားခဲ့သည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်၊ KG+9 အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် တက္ကသိုလ်များတွင် ဘွဲ့လက်မှတ်ရရှိရေးထက် အမှန်တကယ် စာတတ်မြောက်ပြီး အသိပညာနှင့် ကျွမ်းကျင်မှုရရှိရေးကို ဦးစားပေးရန်လည်း မှာကြားခဲ့သည်။

အဝေးသင်ပညာရေးကို စရိတ်သက်သာမှုကြောင့် ပိုမိုရွေးချယ်လာသော်လည်း ပညာရေးအရည်အသွေးနှင့် သင်ယူမှုထိရောက်ရေးကိုလည်း အလေးထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေကောင်းမွန်ရေးကိုလည်း အလေးထားဆောင်ရွက်ရန်လိုပြီး ကျန်းမာရေးမကောင်းမွန်ပါက အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်သဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံ့ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို အထောက်အကူပြုစေရန် မှာကြားခဲ့သည်။

ပြည်တွင်းထုတ်လုပ်မှုနှင့် အလုပ်အကိုင်တိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ရရှိနိုင်သမျှ အပြည့်အဝဆောင်ရွက်ပြီး ထုတ်လုပ်မှုမှ အမြတ်အစွန်းရရှိနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားရန်လည်း မှာကြားခဲ့သည်။

သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်သူ ၃၃ သန်းခန့်ရှိသော်လည်း ပြည်တွင်း၌ အလုပ်သမားလိုအပ်ချက်များ ရှိနေသဖြင့် အလုပ်အကိုင်ဖန်တီးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အလေးထားရန် ပြောကြားခဲ့သည်။

လယ်ယာထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲရန်လယ်ယာထွက်ကုန်နှင့် ဈေးကွက်ချဲ့ထွင်ရေးအတွက် ဆန်စက်များ အဆင့်မြှင့်တင်ခြင်း၊ မျိုးကောင်းမျိုးသန့်အသုံးပြုခြင်းနှင့် ပြောင်း၊ ပဲအပါအဝင် လယ်ယာထွက်ကုန်များအတွက် ဈေးကွက်ရှာဖွေခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ရာဘာ၊ ဝါဂွမ်း၊ ကြက်သွန်၊ အာလူး၊ ငါး၊ ပုစွန်နှင့် ကော်ဖီတို့ကို ကုန်ကြမ်းအဖြစ်သာ မရောင်းချဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်များ ရှာဖွေတင်ပို့ရန်လည်း ပြောကြားခဲ့သည်။

ငါးလုပ်ငန်းကဏ္ဍတွင် လက်ရှိဖမ်းဆီးမှု ၇၀ ရာခိုင်နှုန်းနှင့် မွေးမြူမှု ၃၀ ရာခိုင်နှုန်းရှိသည့် အခြေအနေမှ ဖမ်းဆီးမှုနှင့် မွေးမြူမှု ၅၀ ရာခိုင်နှုန်းစီ ဖြစ်လာရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ပြည်တွင်းစားသုံးဆီဖူလုံရေး အလေးထားရန်စားသုံးဆီဖူလုံရေးအတွက် နေကြာ၊ ဆီအုန်းနှင့် အခြားဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန် သမ္မတက မှာကြားခဲ့သည်။

စားသုံးဆီဖူလုံပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် သက်သာနိုင်မည်ဖြစ်သဖြင့် အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် ဆီထွက်သီးနှံစိုက်ပျိုးရေးကို ပိုမိုအားစိုက်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အရင်းအနှီးများကို ထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးချရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြည်တွင်း၌ တိုးချဲ့လုပ်ကိုင်ရန် မှာကြားခဲ့သည်။

ငွေရလွယ်သည့် နေရာများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ကုန်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံအတွက် တန်ဖိုးရှိသဖြင့် ငွေကြေးတတ်နိုင်သူများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်လုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။

ယခင်က အိမ်ခြံမြေကဏ္ဍအပါအဝင် အခွန်စိစစ်မှုများမှ ဝင်ငွေပြန်လည်ရရှိလာပြီး အိမ်ခြံမြေဈေးများ ကျဆင်းခဲ့သကဲ့သို့ ယခုလည်း သက်ဆိုင်ရာကဏ္ဍများကို စိစစ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN