(နိုင်ငံခြားရေး) ဩဂုတ် ၁၉
ယနေ့ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့တွင် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားအကျပ်အတည်းများကြောင့် ထိခိုက်ခံစားနေရသူများအတွက် အသက်ကယ်အကူအညီများ၊ ကာကွယ်စောင့်ရှောက်မှုများနှင့် မရှိမဖြစ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေကြသည့် လူသားချင်းစာနာမှုလုပ်သားများကို ဂုဏ်ပြုကြောင်း UNOCHA Myanmar က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရေးနှင့် သွားလာရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ရှိနေသော်လည်း ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း အရေးပေါ်အကူအညီများ လိုအပ်နေသူ ၁ ဒသမ ၆ သန်းထံသို့ ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကူညီထောက်ပံ့မှုများ၏ နောက်ကွယ်တွင် လူသားချင်းစာနာမှုလုပ်သားများ၏ ကြိုးပမ်းအားထုတ်မှုများ ရှိနေပြီး အများစုမှာ ပြည်တွင်းနှင့် ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်သားများဖြစ်ကြောင်း UNOCHA Myanmar က ဖော်ပြသည်။
၎င်းတို့သည် ခက်ခဲသည့်အခြေအနေများကြားမှ လိုအပ်နေသူများထံ အကူအညီများ ရောက်ရှိနိုင်ရေးအတွက် ရပ်ရွာလူထုများနှင့်အတူ လက်တွဲလုပ်ဆောင်နေကြခြင်းဖြစ်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း လူသားချင်းစာနာမှုလုပ်သားများသည် လိုအပ်နေသူများဘက်မှ ရပ်တည်ပေးနေသကဲ့သို့ လူသားချင်းစာနာမှုလုပ်သားများဘက်မှလည်း ပြန်လည်ရပ်တည်ပေးရန် လိုအပ်ကြောင်း သတိပေးပြောကြားထားသည်။
ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့တွင် လူသားချင်းစာနာမှုလုပ်သားများကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် အကူအညီလိုအပ်နေသူများထံ ဘေးကင်းလုံခြုံစွာ၊ အဟန့်အတားမရှိ ဝင်ရောက်ကူညီနိုင်ရေး ဆောင်ရွက်ရန်မှာ အားလုံး၏ ဘုံတာဝန်ဖြစ်ကြောင်းလည်း UNOCHA Myanmar က ပြောသည်။
ယနေ့ ရန်ကုန်မြို့တွင်လည်း ကုလသမဂ္ဂအလံကို တစ်ဝက်လွှင့်ထူထားသည်။
ထို့အပြင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နေစဉ် အသက်ဆုံးရှုံးခဲ့ကြရသည့် လူသားချင်းစာနာမှုလုပ်သားများကို ဂုဏ်ပြုအမှတ်ရကြောင်းနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြသူများနှင့်အတူ ရပ်တည်နေကြောင်း UNOCHA Myanmar က ထုတ်ပြန်ပြောကြားထားသည်။
Telegram – t.me/positiveanglenews
#PAN