(မှုခင်း) ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ကျောက်တလုံးကြီးသွား ကားလမ်းဘေးတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က
တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ပန်သခွားကျေးရွာ၊ တောင်ကြီး-ကျောက်တလုံးကြီးသွားကားလမ်း ဘေးတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား ရပ်တန့် စစ်ဆေးရာတွင် လမ်းလျှောက်လာသူမှာ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာနေ ခွန်စိုးသိန်း ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားစီပါ ၈ဝ ထုပ်၊ စုစုပေါင်း ၁၆၀၀၀ ပြား၊ အလေးချိန် ၁ ဒသမ ၄၄ ကီလိုဂရမ်ခန့်၊ ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၈ သိန်းခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းအား ဆက်လက်စစ်ဆေးမေးမြန်းရာ အဆိုပါ မူးယစ်ဆေးဝါးများအား၊ ဆီဆိုင်မြို့နယ်၊ နားခိုက် ကျေးရွာအနီး၊ ပွန်ချောင်းအနောက်ဘက် တောစပ်တွင် အမည်မသိ အမျိုးသားတစ်ဦးထံမှ ၎င်းကိုယ်တိုင် သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ခွန်စိုးသိန်းအား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူ ထားပြီး ကွင်းဆက်များအား စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN