DRC တွင် ကာကွယ်ဆေးမရှိသေးသည့် အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၀ ကျော်သွားပြီဖြစ်ကြောင်း အစိုးရ အတည်ပြု၊ လစာမရသည့် ရှေ့တန်းကျန်းမာရေးဝန်ထမ်းများ အလုပ်ရပ်နားမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာ 

(နိုင်ငံတကာ) ဇူလိုင် ၉

   ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် ကူးစက်ပျံ့ နှံ့နေသည့် အီဘိုလာ (Ebola) ရောဂါကြောင့် သေဆုံးကြောင်း အတည်ပြုနိုင်သူဦးရေမှာ အနည်းဆုံး ၆၀၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အစိုးရ၏ နောက်ဆုံးရ အချက်အလက်များအရ သိရသည်။ လက်ရှိတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည် ပြုပြီးသား လူနာဦးရေသည်လည်း ၁,၇၅၉ ဦးအထိ မြင့်တက်လာပြီး အခြေအနေမှာ စိုးရိမ်စရာ အဆင့်သို့ ရောက်ရှိနေသည်။                         

     အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ပင် ရောဂါပိုးကူးစက်ခံရသူ လူနာသစ် ၅၁ ဦးနှင့် သေ ဆုံးသူ ၂၀ ဦးအထိ ထပ်မံမှတ်တမ်းတင်ခဲ့ရသည်။ ထို့အပြင် နိုင်ငံ၏ အကြီးဆုံးမြို့ကြီးများအနက် တစ်ခုဖြစ်သော ကီဆန်ဂါနီ (Kisangani) မြို့တွင်လည်း ရောဂါလက္ခဏာ သံသယရှိသူ လူနာနှစ်ဦး ထပ်မံတွေ့ရှိထားပြီး၊ ၎င်းတို့၏ ဓာတ်ခွဲခန်းစစ်ဆေးမှုရလဒ်များကို အတည်ပြုရန် လုပ်ဆောင်နေဆဲ ဖြစ်သည်။                

     အဆိုပါ သံသယလူနာနှစ်ဦးအနက် ဒုတိယလူနာမှာ ပထဝီဝင်အနေအထားအရ အခြားရောဂါဖြစ်ပွားရာဇုန်များနှင့် ဆက်စပ်မှုမရှိဘဲ မြို့ပြအတွင်း ကူးစက်ခံရခြင်းဖြစ်နိုင်သဖြင့် ဗိုင်းရပ်စ်သည် လူထုအတွင်း တိတ်တဆိတ် ပျံ့နှံ့နေမည်ကို ကျွမ်းကျင်သူ များက စိုးရိမ်နေကြသည်။            

     ဗိုင်းရပ်စ်ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် အရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်တွင် ရောဂါတိုက်ဖျက်ရေးထက် ပိုမိုဆိုးရွားသည့် ကပ်ဘေးတစ်ခု ကြုံတွေ့နေရသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က အီဘိုလာရောဂါပိုး စတင်ကူးစက်ပျံ့နှံ့နေကြောင်း ကြေညာကတည်းက ရှေ့တန်းကျန်းမာရေးဝန်ထမ်းများနှင့် ကူးစက်ရောဂါဗေဒ စောင့်ကြည့်ရေးအဖွဲ့ဝင်များသည် လုပ်ခလစာနှင့် အပိုဆုကြေးငွေများ ရရှိခြင်း မရှိသေးပေ။ အာ ဏာပိုင်များထံ လစာပေးချေရန် ၂၄ နာရီ ရာဇသံပေးခဲ့ပြီးနောက် အင်္ဂါနေ့မှစတင်ကာ ကျန်းမာရေးဝန်ထမ်းအချို့သည် ကန့်သတ်ထားသော အကာအကွယ်ပစ္စည်းကိရိယာများဖြင့် မတရားဆက်ဆံခံရမှုကို မကျေနပ်သဖြင့် အလုပ်ရပ်နားမှုများ စတင်ပြုလုပ်လာကြသည်။

     ယခုကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ အလုပ်ရပ်နားမှုသည် ကူးစက်မှုကို ဖြစ်စေသည့် ဘန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်မျိုးစိတ်ကို ကုသရန်အတွက် ဆေးဝါးဗေဒဆိုင်ရာ စမ်းသပ်မှုများ (Clinical Trials) တွင် လူနာများစတင်စာရင်းသွင်းနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

     အဆိုပါ ဘန်ဒီဘူဂျိုမျိုးစိတ်သည် အခြားအီဘိုလာမျိုးစိတ်အချို့ထက် သေဆုံးနိုင်ခြေနည်းသည်ဟု ယူဆရသော် လည်း လတ်တလောတွင် ၎င်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုပေးထားသည့် စိတ်ချရသော ကာကွယ်ဆေးမူ မရှိသေးပေ။                

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုရောဂါကူးစက်မှုကို နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC)အဖြစ် မကြေညာမီကတည်းက ဗိုင်းရပ်စ်သည် မွန်ဘာလူနှင့် ဘူနီယာ စသည့် သတ္တုတွင်းမြို့များတစ်လျှောက် သီတင်း ပတ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ပျံ့နှံ့ခဲ့ပြီးမှ အိမ်နီးချင်းပြည်နယ်များသို့ ကူးစက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                           

Telegram»…


https://t.me/positiveanglenews

#PAN