ဗင်နီဇွဲလားတွင် သေဆုံးသူ ၁,၄၀ဝ ကျော်ရှိလာပြီးနောက် ပြင်းအား ၄.၈ အဆင့်ရှိ ငလျင်သစ်တစ်ခု ထပ်မံလှုပ်ခတ်၊ ပျောက်ဆုံးနေသူ ၅ သောင်းကျော်အား ကယ်ဆယ်ရန် အချိန်လုနေရဆဲ

(နိုင်ငံတကာ) ဇွန် ၂၈  

   ဗုဒ္ဓဟူးနေ့က ပြင်းအား ၇.၂ နှင့် ၇.၅ အဆင့်ရှိ အဖျက်စွမ်းအားပြင်း မြေငလျင်ကြီးနှစ်ခုကြောင့် လူပေါင်း ၁,၄၀၀ ကျော် သေ ဆုံးထားသည့် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် စနေနေ့မွန်းလွဲပိုင်းက ပြင်းအား ၄.၈ အဆင့်ရှိ နောက် ထပ် ငလျင်သစ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ပြန်လည်ထူ ထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

    ဥရောပ မြေထဲပင်လယ် မြေငလျင်တိုင်းတာရေးဗဟိုဌာန (EMSC)၏ ထုတ်ပြန်ချက်အရ ယခု ပြင်းအား ၄.၈ အဆင့်ရှိ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃:၂၀ နာရီတွင် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်း အာရာဂွာ(Aragua) ပြည် နယ်အနီး၊ မြို့တော် ကာရာကပ်စ် (Caracas) ၏ အနောက်ဘက် ၇၀ ကီလိုမီတာ (၄၃.၄ မိုင်) အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

     ယခုငလျင်သစ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို ချက် ချင်းမသိရသေးသော်လည်း ၎င်းမတိုင်မီကတည်းက နောက် ဆက်တွဲငလျင် (Aftershocks) အများအပြား ဆက်တိုက်လှုပ်ခတ်နေခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သည့် သမိုင်းဝင်ငလျင်ကြီးများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၁,၄၃၀ ဦး သေ ဆုံးကြောင်း အတည်ပြုထားပြီး ဖြစ်သည်။ ထို့ပြင် ပျောက်ဆုံးနေသူ အရေအတွက်မှာ ၅၁,၀၀၀ ခန့်အထိ ရှိနေသဖြင့် သေဆုံးသူဦးရေ ယခုထက် များစွာမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

    အာဏာပိုင်များက ငလျင်လှုပ်ပြီး ကနဦး ၇၂ နာရီ (ရွှေရောင်အချိန်နာရီ) ကျော်လွန်သွားပါက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ အသက်ရှင်လျက် အဖတ်ဆယ်နိုင်ခြေ အလွန်နည်းပါးသွားပြီဖြစ်ကြောင်း သတိပေးထားသဖြင့် ကယ်ဆယ်ရေးသမားများသည် အချိန်နှင့်အမျှ အပြိုင်အဆိုင် ရှာဖွေနေကြရသည်။

     ဗုဒ္ဓဟူးနေ့က ငလျင်ကြောင့် လာဂွိုင်ရာ (La Guaira) ပြည် နယ်နှင့် မြို့တော် ကာရာကပ်စ်ရှိ အချို့ရပ်ကွက်များတွင် အဆောက်အအုံများ အလုံးစုံပျက်စီးခဲ့ရသည်။ လတ်တလောတွင် အချို့ဒေသများ၌ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အခြေအနေ ပိုမိုဆိုးရွားနေပြီး၊ အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲမှု အားနည်းလွန်းခြင်းအပေါ် ဘေးသင့်ပြည်သူများက ပြင်းပြင်းထန်ထန် မကျေမနပ် ဝေဖန်နေကြသည်။

     စနေနေ့တွင် ဗင်နီဇွဲလားအစိုးရက ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီရန်အတွက် ပြည်ပနိုင်ငံစုံမှ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင် ၁,၆၀၀ ဦး နိုင်ငံအတွင်းသို့ ရောက်ရှိလာပြီး အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN