ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော ထပ်မံတိုက်ခိုက်ခံရပြီးနောက် အမေရိကန်က အီရန်အပေါ် ဒုတိယမြောက်ညအဖြစ် အရှိန်အဟုန်မြှင့် ဗုံးကြဲတိုက်ခိုက်၊ သဘောတူညီချက် ပျက်ပြားမည့်အရေး ကြုံတွေ့နေရ

(နိုင်ငံတကာ) ဇွန် ၂၈  

   ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ကုန် သွယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရပြီးနောက် အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် ဒုတိယမြောက်ညအဖြစ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ၊ ဇွန်လ ၁၇ ရက်နေ့ကမှ ရရှိထားသည့် နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MoU) မှာ ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။

     အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ ယခု တိုက်ခိုက်မှုများသည် စစ်သေနာပတိချုပ်ဖြစ်သူ သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်ရိုက်လမ်းညွှန်ချက်ဖြင့် လုပ် ဆောင်ခြင်းဖြစ်ပြီး အီရန်၏ စစ်ဘက်ဆိုင်ရာစောင့်ကြည့်ရေးစနစ်များ၊ ဆက်သွယ်ရေးစနစ်များ၊ လေကြောင်းရန်ကာကွယ် ရေးစခန်းများ၊ ဒရုန်းသိုလှောင်ရုံများနှင့် မိုင်းထောင်နိုင်သည့် စွမ်းဆောင်ရည်များကို ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။                                              

    ပေါက်ကွဲမှုများကို အီရန်တောင်ပိုင်း ဆီရစ်ခ် (Sirik) ဆိပ် ကမ်းအနီးရှိ တာရူအီ (Tahrui) ရွာဝန်းကျင်တွင် တွေ့ရှိရသည့်အပြင်၊ အီရန်နိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ ကွက်ရှ်မ် (Qeshm) ကျွန်းလည်း ထိမှန်ခဲ့ကြောင်း သိရသည်။     

     စနေနေ့ နံနက်အစောပိုင်းက ရေနံစိမ်းစည်ပေါင်း ၂ သန်းကျော် သယ်ဆောင်လာသည့် ပနားမားအလံစိုက် Kiku ရေနံ တင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် အီရန်၏ အသေခံတိုက်ခိုက်ရေးဒရုန်း (One-way attack drone) ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ သင်္ဘောပေါ်ပါ လူများ ထိခိုက်မှုမရှိသော်လည်း ၎င်းဖြစ်စဉ်သည် ပြီးခဲ့သည့် ကြာသပ တေးနေ့က စင်ကာပူသင်္ဘော Ever Lovely တိုက်ခိုက်ခံရမှုနှင့် ပုံစံတူပင်ဖြစ်သည်။                      

     အမေရိကန်က သောကြာနေ့ည၌ အီရန်အပေါ် ပထမအကြိမ် တိုက်ခိုက်ပြီးနောက် အပစ်ရပ်စဲရေးကို လေးစားရန် အခွင့် အရေးပေးခဲ့သော်လည်း အီရန်ဘက်က ထပ်မံရန်စရန် ရွေးချယ်ခဲ့သဖြင့် ဒုတိယအကြိမ် ပြင်းပြင်းထန် ထန် တုံ့ပြန်ရခြင်းဖြစ် ကြောင်း CENTCOM က ဆိုသည်။

     တိုက်ခိုက်မှုအပြီး နှစ်နာရီမပြည့်မီမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် ပြင်းထန်သော သတိ ပေးချက် ထုတ်ပြန်ခဲ့သည်။ “အီရန်တွေ ဘယ် တော့မှ သင်ခန်း စာရမှာမဟုတ်တာ ဖြစ်နိုင်ပါတယ်။ ဆင်ခြင်တုံတရားနဲ့ ဆက်သည်းခံဖို့ မဖြစ်နိုင်တော့တဲ့ အခြေ အနေရောက်ရင် စစ်ရေးအရ အပြီးသတ် ချေမှုန်းရပါလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး” ဟု ထရမ့်က ရေးသားခဲ့သည်။                    

     ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ယခုပဋိပက္ခ၏ ဗဟို ချက်မှာ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေ လက်ကြားကို မည်သူက ထိန်းချုပ်မည်နည်းဟူသော အချက်ဖြစ်သည်။ အီရန်ဘက်က MoU ပါ အပိုဒ် (၅) အရ ရေလက် ကြားတစ်ခုလုံး (အိုမန်ပိုင်နက်အပါအဝင်) ကို ဖြတ်သန်းမည့် မည်သည့်သင်္ဘောမဆို အီရန်၏ ခွင့်ပြုချက်နှင့် ညှိနှိုင်းမှု ရယူရမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး၊ အမေရိကန်ကမူ အိုမန်ရေပြင်ကို ဖြတ်ပါက အီရန်ကို အကြောင်းကြားရန် မလိုဟု ဆိုကာ နား လည်မှု ကွဲလွဲနေကြခြင်းဖြစ်သည်။

     လတ်တလောတွင် အပြန်အလှန် လက်စားချေမှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ပြီး အရှိန်မြင့်လာသည့် စစ်ရှိန်ကြောင့် ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းမှုများမှာ အဖတ်ဆယ်မရအောင် ပြိုလဲသွားနိုင်ကြောင်း အကဲဖြတ်များက သတိပေးထားကြသည်။            
Telegram»…
https://t.me/positiveanglenews

#PAN