ရုရှား၏ ကျူးကျော်မှုကို မိနစ် ၃၀ အတွင်း ပြန်လည်ချေမှုန်းရန် အသင့်ပြင်ထားရမည်ဟု ဗြိတိန်ကြည်းတပ်ဦးစီးချုပ် သတိပေး၊ ကရင်မလင်ဘက်က လန်ဒန်အား မီးဟုန်းဟုန်းတောက်စေရမည်ဟု တုံ့ပြန်    

(နိုင်ငံတကာ) ဇွန် ၂၄                                 

     ရုရှား၏ ရန်စကျူးကျော်မှုများ ပေါ်ပေါက်လာပါက မိနစ်ပိုင်းအတွင်း ချက်ချင်းတုံ့ပြန်နိုင်ရေးအတွက် ဗြိတိန်စစ်တပ်အနေ ဖြင့် အပြည့်အဝ အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဗြိတိန်ကြည်းတပ်ဦးစီးချုပ် ဂျင်နရယ် ဆာ ရိုလီ ဝေါ်ကာ (General Sir Roly Walker) က ပြတ်သားစွာ သတိပေးပြောကြားလိုက်သည်။

   လန်ဒန်မြို့၌ ကျင်းပခဲ့သည့် နှစ်ပတ်လည် မြေပြင်စစ်ပွဲ ဆိုင်ရာညီလာခံတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ နေတိုး (NATO)၏ အရှေ့ဘက်နယ်စပ်တွင် ဖြန့်ကြက်ထားသည့် ဗြိတိန် ၏ အဆင့်မြင့်လက်နက်စနစ်များသည် ဟန့်တားမှုဗျူဟာ ပျက် ပြားသွားပါက “မိနစ် ၃၀ အတွင်း ချက်ချင်းတိုက်ခိုက်လှုပ်ရှားနိုင်သည့် အနေအထား” ရှိနေရမည်ဟု ဆိုသည်။                              

     အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဂျင်နရယ် ဝေါ်ကာက ရန်သူ့တပ်ဖွဲ့များ ၎င်းတို့၏ စုရပ်နယ်မြေများမှ မထွက်ခွာမီကပင် တိုက်ခိုက်ချေမှုန်းရမည်ဖြစ်ပြီး၊ လာမည့်နှစ်အတွင်း အရှေ့ဘက်စစ်မျက်နှာ၌ အဝေးထိန်းနှင့် အလိုအလျောက်မောင်းနှင်သည့် ဒရုန်းနှင့် စက်ရုပ်စနစ်အမြောက်အမြားကို ပိုမိုတိုးမြှင့်ချထားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

     ယခုကဲ့သို့ ကြည်းတပ်အကြီးအကဲ၏ သတိပေးချက် ထွက်ပေါ်လာချိန်တွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပေါင် ၂၈ ဘီလီယံခန့်ရှိသော ဘတ်ဂျက်တွင်းနက်ကြီးနှင့် ရင်ဆိုင်နေရပြီး၊ ရန်ပုံငွေအငြင်းပွားမှုကြောင့် ယခုလအစောပိုင်းက ကာကွယ် ရေးဝန်ကြီးဟောင်း ဂျွန် ဟီးလေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာဝန်ကြီး အယ်လ် ကမ်းစ်တို့ ရာထူးမှ နှုတ်ထွက်သွားခဲ့ကြသည်။            

ဗြိတိန်ကြည်းတပ်ဦးစီးချုပ် ဂျင်နရယ် ဆာ ရိုလီ ဝေါ်ကာ (General Sir Roly Walker)

   လက်ရှိ ဗြိတိန်ကြည်းတပ်သည် တပ်ဖွဲ့ဝင်အင်အား ၇၀,၀၀၀ ခန့်သာရှိပြီး ၎င်းမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အသေးငယ်ဆုံးသော အင်အားဖြစ်သော်လည်း၊ ဂျင်နရယ် ဝေါ်ကာက နိုင်ငံ တော်၏ အကျိုးစီးပွားအတွက် စစ်မှုထမ်းများ၏ သွေးနှင့် အသက်ကို စွန့်လွှတ်ရန် အမြဲအသင့်ရှိနေရမည်ဖြစ်ပြီး မြေပြင်တပ်ဖွဲ့များသည်သာ အောင်ပွဲကို ရေရှည်ထိန်းချုပ်နိုင်သူများဖြစ် ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

     အခြားတစ်ဖက်တွင်မူ ယူကရိန်းအတွက် မိုင် ၃၀၀ ကျော်အကွာအဝေးရှိ ပစ်မှတ်များကို ထိမှန်နိုင်သည့် ဗြိတိန်၏ တာဝေးပစ် ဒုံးကျည်ပုံစံသစ် သုံးမျိုးအား ကိယက်ဗ်ထံ ပံ့ပိုးပေးမည့်အရေးအပေါ် ရုရှားအစိုးရပိုင် မီဒီယာများနှင့် ကရင်မလင်ထောက်ခံသူများက ဒေါသတကြီး တုံ့ပြန်လျက်ရှိသည်။

     ရုရှားသမ္မတပူတင်၏ မဟာမိတ် နိုင်ငံတော်ပိုင်မီဒီယာအကြီး အကဲ မာဂရီတာ ဆီမွန်နီယန် (Margarita Simonyan)က ရုပ်သံလိုင်းမှတစ်ဆင့် ဗြိတိန်သည် ယခုစစ်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူဖြစ်ပြီး၊ လန်ဒန်မြို့ရှိ ထင်ရှားသောအဆောက်အအုံအချွန်များ (spires) မီးဟုန်း ဟုန်းတောက် ပျက်စီးသွားသည်ကို မြင်တွေ့ရခြင်းသည် ရှုခင်းလှလှပပ မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ရုရှားက ဗြိတိန်ကို ရာဇ သံထုတ်ပြန်သွားနိုင်ကြောင်း ပြင်းထန်စွာ တုံ့ပြန်စိန်ခေါ်ခဲ့သည်။

     ယခုထိပ်တိုက်တွေ့မှု ပြင်းထန်နေချိန်အတွင်း ယူကရိန်းသည် ခရိုင်းမီးယားရှိ ကာ့ချ် (Kerch) ဆိပ်ကမ်းအပါအဝင် ရုရှား၏ စစ်ဆင်ရေးပံ့ပိုးမှု ရေနံသိုလှောင်ရုံများကို ဒရုန်းများဖြင့် အရှိန်မြှင့်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN