
(နိုင်ငံတကာ) ဇွန် ၂၃
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ပြုလုပ်မည့် အစ္စ ရေးနှင့် လေဘနွန်တို့၏ ပဉ္စမအကြော့ တိုက်ရိုက်ဆွေးနွေးပွဲ မစတင်မီ နာရီပိုင်းအလို၌ လေဘနွန်သမ္မတ ဂျိုးဇက် အောင် (Joseph Aoun) သည် အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance)၊ ကာတာဝန်ကြီးချုပ်တို့နှင့်အတူ ဖုန်းဖြင့်ဆက်သွယ်ကာ လေဘနွန်နိုင်ငံအတွင်း စစ်ရေးတင်းမာမှုများ လျော့ကျစေရန် “ပဋိပက္ခရှောင်ရှားရေးယန္တရား” (Deconfliction mechanism) ထူထောင်ရေးကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လမှစတင်၍ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ (Hezbollah) တို့အကြား ပြန်လည်ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် လေဘနွန်တောင်ပိုင်းတွင် ဒေါ်လာ ၁ ဒသမ ၃၈ ဘီလီယံဖိုးခန့် ရှိသည့် အဆောက်အအုံပေါင်း ၁၁,၀၀၀ ကျော် လုံးဝပျက်စီးခဲ့ရပြီး၊ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက အစ္စရေးနှင့်အတူ အီရန်အပေါ် စစ်ပွဲဆင်နွှဲခဲ့သည့် အမေရိကန်သည် လက်ရှိတွင် အီရန်နှင့် ရေ ရှည်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရန် ဆွစ်ဇာလန်နိုင်ငံ၌ ကာတာ၊ ပါကစ္စတန်တို့၏ ကြားဝင်စေ့စပ်မှုဖြင့် ဆွေးနွေးလျက်ရှိရာ၊ အီရန်ဘက်က လေဘနွန်အပါအဝင် စစ်မျက်နှာအားလုံး အပစ်ရပ်ရေးကို အဓိကတောင်းဆိုထားသည်။
ဤအခြေအနေတွင် ပါတီများအကြား စစ်ဆင်ရေးများ ရပ်စဲမှုကို စောင့်ကြည့်ရန် “ပဋိပက္ခရှောင်ရှားရေးဆဲလ်” (Deconfliction cell) ဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး အမေရိကန် ဒု-သမ္မတ ဗန့်စ်ကလည်း ဤယန္တရားသည် လေဘနွန်၏ အချုပ်အခြာအာဏာနှင့် အစ္စရေး၏ လုံခြုံရေးကို တစ် ပြိုင်တည်းကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကမူ ၎င်း၏အစိုးရအဖွဲ့အတွင်းရှိ သဘောထားတင်းမာသူများကို စိတ်အေးစေရန်အတွက် လေဘနွန်တောင်ပိုင်းရှိ မည်သည့်ခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်ရန် အစ္စ ရေးစစ်တပ်အနေဖြင့် “အပြည့်အဝ လွတ်လပ်ခွင့်” ဖြင့် ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်သားများကိုလည်း လိုအပ်သရွေ့ ထိုဒေသတွင် ဆက်လက်အခြေစိုက်ထားမည်ဟု ကတိပြုပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ဟစ်ဇ်ဘိုလာအဖွဲ့က ယနေ့အင်္ဂါနေ့တွင် ဝါရှင်တန်၌ ပြုလုပ်မည့် အစ္စရေး-လေဘနွန် တိုက်ရိုက်ဆွေးနွေးပွဲကို ကန့်ကွက်ရှုတ်ချထားပြီး အစ္စရေးစစ်တပ် လေဘနွန်မြေ ပေါ်မှ ရာနှုန်းပြည့်ဆုတ်ခွာပေးရန် တောင်းဆိုထားသည်။
အမေရိကန်၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ မတွေ့ရှိရဘဲ နယ်စပ်ဒေသတွင် “သတိကြီးစွာထားရသည့် တည်ငြိမ်မှု” အခြေ အနေ ရှိနေသော်လည်း ဝါရှင်တန်ဆွေးနွေးပွဲ၏ ရလဒ်အပေါ် မတည်ငြိမ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN