မှော်ဘီမြို့နယ်ရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုတွင် မီတာပြုပြင်၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု ဖော်ထုတ်ရမိ၊ နစ်နာမှုအတွက် ဒဏ်ကြေးကျပ်သိန်း ၁,၅၀၀ ကျော် ပေးဆောင်စေပြီး လုပ်ငန်းရှင်ကို ရဲစခန်း၌ အမှုဖွင့်အရေးယူ

(နိုင်ငံတကာ) ဇွန် ၂၃                                 

    ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုတွင် မီတာအား မသမာသောနည်းဖြင့် ပြုပြင်ကာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေမှုကို စစ်ဆေးဖော်ထုတ်ရမိခဲ့ပြီး နစ်နာမှုအတွက် ဒဏ်ကြေးငွေကျပ်သိန်း ၁,၅၀၀ ကျော် ပေးဆောင်စေကာ လုပ်ငန်းရှင်အား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။


   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တရားမဝင် ဓာတ် အားသုံးစွဲမှုများ ပပျောက်စေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေးအတွက် စီမံချက်အစုအဖွဲ့ (၂၄) ဖွဲ့ဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ရှောင်တခင် အသေးစိတ် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

     ထိုသို့ စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော လျှပ်စစ်မီတာမှာ Cover Seal နှင့် Terminal Seal များကို ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း မြေပြင်တွင် လက်ရဖော်ထုတ် စစ်ဆေးတွေ့ရှိခဲ့ရသည်။         

  ယင်းကဲ့သို့ မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား ၃၀၁,၄၃၄ ယူနစ် (သုံးသိန်းတစ်ထောင် လေးရာသုံးဆယ့်လေး ယူနစ်) နစ်နာဆုံးရှုံးခဲ့ရသည်။ ထိုသို့ နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေ စုစုပေါင်းကျပ် ၁၅၁,၀၁၇,၂၆၀/- (ကျပ် တစ်ရာငါးဆယ့် တစ်သန်း တစ်သောင်း ခုနှစ်ထောင်နှစ်ရာခြောက်ဆယ်တိတိ) အား ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သို့ အပြေအလည် ပေးဆောင်စေခဲ့ကြောင်း သိရသည်။                        

    တာဝန်ရှိသူများက အဆိုပါ မသမာသုံးစွဲထားသည့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး ဓာတ်အားခိုးယူသုံးစွဲသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မှော်ဘီမြို့နယ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားသည်။          

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို Control Center မှတစ်ဆင့် နည်းပညာဖြင့် အမြဲမပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သံသယဖြစ်ဖွယ်တွေ့ရှိပါက မြေပြင်အဖွဲ့များဖြင့် ချက်ချင်းသွား ရောက်ဖော်ထုတ်လျက်ရှိသည်။

     ဓာတ်အားခိုးယူသုံးစွဲမှုများကို ထိရောက်စွာ ဖော်ထုတ်နိုင်ခြင်းအားဖြင့် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား မသမာသုံးစွဲမှုများ တွေ့ရှိပါက တိကျစွာ သတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။                 

Telegram»…
https://t.me/positiveanglenews

#PAN