
(နိုင်ငံတကာ) ဇွန် ၂၃
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ကာ လရှည်ကြာဖြစ်ပွားနေသော ပဋိပက္ခများကို အပြည့်အဝ အဆုံး သတ်နိုင်မည့် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံ၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် “အားတက်ဖွယ်” တိုးတက်မှုများ ထွက်ပေါ်လာပြီးနောက်၊ အမေရိကန်အစိုးရက အီရန်၏ ရေနံတင်ပို့မှုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို တစ်စိတ်တစ်ပိုင်း ယာယီဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဇွန်လ ၁၇ ရက်နေ့က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ပါ သတ်မှတ်ချက်များအတိုင်း ဩဂုတ် လ ၂၁ ရက်နေ့အထိ သက်တမ်းရှိမည့် ရက်ပေါင်း ၆၀ ကြာ ယာယီအထွေ ထွေလိုင်စင်တစ်ခုကို ယမန်နေ့ ဇွန်လ ၂၂ ရက် (တနင်္လာနေ့)တွင် ထုတ်ပြန်ခဲ့သည်။
ယင်းလိုင်စင်အရ အီရန်နိုင်ငံထုတ် ရေနံစိမ်း၊ ရေနံဓာတု ပစ္စည်းများနှင့် ရေနံထွက်ပစ္စည်းများကို အမေရိကန်ပြည် ထောင်စုသို့ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့် အရောင်း အဝယ်ပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။ သို့သော် အမေရိကန်၏ ပိတ်ဆို့မှုခံထားရသည့် မြောက်ကိုရီးယား၊ ကျူးဘားနှင့် ရုရှားက သိမ်း ပိုက်ထားသော ယူကရိန်ဒေသများနှင့် ပတ် သက်သည့် အရောင်း အဝယ်များကိုမူ ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။
ဤသတင်းကြောင့် ကမ္ဘာ့ရေနံစျေးကွက်တွင် ဘရန့်တ်ရေနံစိမ်း (Brent crude) စျေးနှုန်းသည် ၃ ဒသမ ၅ ရာခိုင် နှုန်းကျော် ချက်ချင်းကျဆင်းသွားပြီး တစ်စည်လျှင် ၇၇ ဒသမ ၇ ဒေါ်လာသို့ ရောက်ရှိသွားခဲ့သည်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်(JD Vance)က ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ် (Burgenstock) အပန်းဖြေစခန်း၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အောင်မြင်သော နောက်ဆုံး သဘောတူညီချက် တစ်ခုအတွက် အခြေခံကောင်းများ ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အကောင်းမြင်ထုတ်ဖော်ပြောကြားခဲ့သည်။
အီရန်နိုင်ငံဘက်ကလည်း ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ပြုရန်နှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ စစ်ဆေးရေးမှူးများကို ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုရန် ကတိပြုထားကြောင်း အမေရိကန်ဘက်က ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ အရပ်ဘက်သုံးနျူကလီးယားအစီအစဉ်အပေါ် ကတိ ကဝတ်အသစ်များ လက်ခံခဲ့ခြင်းမရှိကြောင်း ပြောဆိုထားသော် လည်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ရေရှည်နျူကလီးယားဆိုင်ရာ ရိုးသားမှုရှိစေရန် လက်နက်စစ် ဆေးမှုများကို ခံယူလိမ့်မည်ဟု ယုံကြည်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ပိတ်ဆို့မှုဖြေလျှော့ပေးပြီးနောက်ပိုင်း ဒေသတွင်းတင်း မာမှုများ လျော့ကျလာကာ ဟော်မုဇ်ရေလက်ကြားတွင် နိုင်ငံတကာရေနံနှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောကြီးများ သွားလာမှု ပြန် လည်မြင့်တက်လာကြောင်း သင်္ဘောခြေရာခံမှုအချက်အလက်များအရ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN