အမေရိကန်၏ ပိတ်ဆို့မှုကို တရုတ်တုံ့ပြန်၊ ရှားပါးဒြပ်စင်လုပ်ငန်း အပါအဝင် အမေရိကန်ကုမ္ပဏီ ၁၀ ခုကို ပို့ကုန်ထိန်းချုပ်ရေးစာရင်းသွင်းပြီး ကာကွယ်ရေးကန်ထရိုက်တာ ၄၆ ခုထံမှ ဝယ်ယူမှု ပိတ်ပင်            

(နိုင်ငံတကာ) ဇွန် ၂၃                                  

   အမေရိကန်စစ်ဌာနချုပ် (ပင်တဂွန်) က တရုတ်နိုင်ငံ၏ အထင် ကရနည်းပညာနှင့် စီးပွားရေးလုပ်ငန်းကြီးများကို အမည်ပျက်စာရင်းသွင်းခဲ့ပြီး နှစ်ပတ်အကြာတွင် တရုတ်အစိုးရက အမေရိကန်အခြေစိုက် ကုမ္ပဏီ ၁၀ ခုကို ၎င်းတို့ ၏ ပို့ကုန်ထိန်းချုပ်ရေးစာရင်းထဲသို့ ထည့်သွင်းကာ အမေရိကန်ကာကွယ်ရေးလုပ်ငန်းခွဲ ၄၆ ခုထံမှ အစိုးရပစ္စည်း ဝယ် ယူမှုများကို ချက်ချင်းပိတ်ပင်လိုက်ကြောင်း သိရသည်။      

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်အရ အရပ်ဘက်ရော စစ်ဘက်ပါ နှစ်မျိုးသုံးနိုင်သည့် “dual-use” ကုန်ပစ္စည်းများနှင့် နည်းပညာများကို အဆို ပါအမေရိကန်ကုမ္ပဏီများထံ တင်ပို့ခြင်း မပြုရန် တားမြစ်လိုက်ခြင်းဖြစ်သည်။ ပိတ်ဆို့ခံရသည့် ကုမ္ပဏီများတွင် အမေရိကန်၏ အဓိက ရှားပါးဒြပ်စင် (Rare-earth) သတ္တုတွင်းလုပ်ငန်းဖြစ်သော MP Materials Corp၊ USA Rare Earths နှင့်အတူ ဒရုန်း၊ ရေဒါနှင့် သင်္ဘောတည်ဆောက်ရေးဆိုင်ရာ အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာ ကုမ္ပဏီများ ပါဝင်သည်။                      

   ဤအမိန့်ကြောင့် ကမ္ဘာတစ်ဝန်းရှိ မည်သည့်တတိယ နိုင်ငံ သို့မဟုတ် တစ်သီးပုဂ္ဂိုလ်မျှ တရုတ်နိုင်ငံထုတ် နှစ်မျိုးသုံးပစ္စည်းများကို အဆိုပါ အမေရိကန်ကုမ္ပဏီများထံ ဆက်လက်လွှဲပြောင်းပေးခွင့် မရှိတော့ဘဲ လက်ရှိကုန်သွယ်မှုများကိုလည်း ချက်ချင်းရပ်ဆိုင်းရမည်ဖြစ်သည်။         

    ထို့အပြင် တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာန ကလည်း  သီးခြားညွှန်ကြားချက်တစ်ခု ထုတ်ပြန်ကာ လော့ဟိဒ်မာ တင် (Lockheed Martin)၊ ဘိုးအင်း(Boeing)၊ ဂျင်နရယ် အတိုမစ်(General Atomics) နှင့် ဂျင်နရယ် ဒိုင်းနမစ် (General Dynamics) ကဲ့သို့သော အမေရိကန်စစ်ဘက်ဆိုင်ရာ ကုမ္ပဏီကြီးများ၏ လက်အောက်ခံလုပ်ငန်း ၄၆ ခုထံမှ တရုတ်အစိုးရ အဖွဲ့အစည်းများ ပစ္စည်းဝယ်ယူခြင်းကို ပိတ်ပင်ခဲ့သည်။

  သို့သော် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် တရုတ်ပြည် တွင်း၌ မှတ်ပုံတင်ထားသည့် ဒေသခံကုမ္ပဏီများကိုမူ ချွင်းချက်အနေ ဖြင့် ကင်းလွတ်ခွင့်ပေးထားသည်။        

     နိုင်ငံတကာ ကုန်သွယ်မှု ကျွမ်းကျင်သူများက ဗေဂျင်း ၏ ယခုလုပ်ရပ်သည် ဇွန်လအစောပိုင်းက ပင်တဂွန်၏ တရုတ်ကုမ္ပဏီ ၈၀ ခန့် (အလီဘာဘာ၊ ဘိုင်ဒူးနှင့် လျှပ်စစ်ကားကုမ္ပဏီ BYD အပါအဝင်)အပေါ် ပိတ်ဆို့မှုအပေါ် အပြန်အလှန် “လက် စားချေတုံ့ပြန်မှု” (Tit-for-tat) ဖြစ်သည်ဟု သုံးသပ်ကြသည်။                               

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အရှိန်မြင့်လာသည့် နှစ်နိုင်ငံကုန်သွယ်ရေးစစ်ပွဲတွင် ပြီးခဲ့သည့် မေလက ထိပ်သီးဆွေး နွေးပွဲ၌ ကုန်သွယ်ရေးစစ်ပြေငြိမ်းမှုကို သက်တမ်းတိုးခဲ့ကြသော်လည်း၊ မြေပြင်တွင်မူ နည်းပညာနှင့် အမျိုးသားလုံခြုံရေးခေါင်းစဉ်အောက်မှ ပိတ်ဆို့မှုများ ဆက်တိုက်ရှိနေဆဲဖြစ်သည်။

     ပထဝီနိုင်ငံရေး လေ့လာသူများက အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် စစ်ပြေငြိမ်းမှုအစစ်အမှန် မရှိဘဲ ရှေ့လျှောက် ပို့ကုန်ထိန်းချုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များ နှစ်ဖက်စလုံးက ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာဦးမည်ဟု ခန့် မှန်းထားကြသည်။          

Telegram»…
https://t.me/positiveanglenews

#PAN