ကွဲပြားသော အမြင်ရှိသော်လည်း အမေရိကန်နှင့် MoU ကို အတည်ပြုကြောင်း အီရန်အဓိပတိ ခါမေနီ ထုတ်ပြန်၊ ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်ပြီး ကမ္ဘာ့စွမ်းအင်ကဏ္ဍ ပြန်လည်လည်ပတ်

(နိုင်ငံတကာ) ဇွန် ၁၉

     ​​အမေရိကန်ပြည်ထောင်စုနှင့် ရရှိခဲ့သည့် နားလည်မှု စာချွန်လွှာ (MoU) အပေါ် မိမိအနေဖြင့် ကနဦးတွင် သဘော ထားကွဲလွဲမှုများ ရှိခဲ့သော်လည်း နိုင်ငံနှင့် ခုခံရေးတပ်ဦး၏ အကျိုးစီးပွားများကို အပြည့်အဝကာကွယ်သွားမည်ဟူ သော အစိုးရအဖွဲ့၏ ကတိကဝတ်ကြောင့် အဆုံးသတ်၌ သဘောတူညီချက်ကို အတည်ပြုပေးခဲ့ကြောင်း အီရန်နိုင်ငံ ၏ အမြင့်ဆုံးအဓိပတိ အယာတိုလာ မိုဂျတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei)က တရားဝင် ထုတ် ဖော်ပြောကြားလိုက်သည်။

     အီရန်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ကြာသပတေးနေ့က ထုတ်ပြန်သည့် ရေးသားချက်တွင် အဓိပတိ ခါမေနီက သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်နှင့် ထိပ်တန်းတာဝန်ရှိသူများက စာချုပ်အတွက် တာဝန်ယူကြောင်း အာမခံခဲ့သဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း ဝါရှင်တန်ဘက်မှ ထပ်မံလောဘတကြီး တောင်းဆိုလာမည့် မည်သည့်အချက်ကိုမဆို လက် ခံလိမ့်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား သတိပေးခဲ့သည်။

     သို့သော်လည်း နောင်တွင် ပြုလုပ်မည့် မျက်နှာချင်းဆိုင် ဆွေး နွေးပွဲများသည် ရန်သူ့အလိုကျ လက်ခံခြင်းမျိုး မဟုတ်ဘဲ တရားဝင် လျှောက်လှမ်းမည့် သံတမန်လမ်းကြောင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။ ဤအတောအတွင်း အမေရိကန်နှင့် ဆွစ်ဇာလန်တွင် ဆက်လက်ဆွေးနွေးမည့် နည်းပညာပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေးအတွက် တီဟီရန်ဘက်က အသေးစိတ် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်သည်။

     အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance)က ကြာသပတေးနေ့ကစတင်၍ ရက်ပေါင်း ၆၀ ကြာ ဆွေးနွေးညှိနှိုင်းရေးကာလကို တရားဝင်စတင်ပြီဖြစ်ကြောင်း ကြေ ညာခဲ့ပြီးနောက်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းကာ သင်္ဘောများကို ဟန့်တားခြင်းမရှိတော့ကြောင်း အတည်ပြုခဲ့သည်။

     အပြန်အလှန်အားဖြင့် အီရန်အမျိုးသားလုံခြုံရေးကောင်စီက ကမ္ဘာ့အရေးအပါဆုံး ရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လာမည့် ရက်ပေါင်း ၆၀ အတွင်း မည်သည့်ကုန်သွယ်ရေးသင်္ဘောကိုမျှ ဖြတ်သန်းခ ကောက် ခံမည်မဟုတ်ကြောင်းနှင့် စစ်ပွဲအတွင်း ထောင်ထားသည့် ရေမိုင်းများကို လိုက်လံရှင်း လင်းပေးနေကြောင်း ထုတ်ပြန်ခဲ့သည်။

     ကုလသမဂ္ဂ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့ဆီကလည်း ယခု MoU အပေါ် ကြိုဆိုခဲ့ပြီး အီရန်နျူကလီးယားအစီ အစဉ် စစ်ဆေးရေးအတွက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို စတင်တော့မည်ဟု ဆိုသည်။

     ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကြောင့် ပိတ်ဆို့သွားခဲ့ရသည့် အရှေ့အလယ်ပိုင်း ရေလမ်းကြောင်း ပြန်လည်ပွင့် လင်းလာမှုကြောင့် နိုင်ငံတကာ တင်းမာမှုများ သိသိသာ သာ လျော့ကျလာခဲ့သည်။

     ဗြိတိန် (UK) က ပင်လယ်ကွေ့ဒေသအချို့သို့ ခရီးမသွားရန် တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်သကဲ့သို့၊ ကူဝိတ်ရေနံကော်ပိုရေးရှင်းကလည်း စစ်ပွဲကြောင့် ထုတ်ပြန်ခဲ့ရသည့် Force Majeure (မလွှဲမရှောင်သာသော အခြေအနေကြောင့် လုပ်ငန်းရပ်ဆိုင်းမှု) အမိန့်အားလုံးကို ချက်ချင်းရုပ် သိမ်းလိုက်ပြီး တစ်ပတ်အတွင်း ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း ၂ သန်းအထိ တိုးမြှင့်သွားမည်ဟု ကြေညာခဲ့သည်။

     သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်တောင်ပိုင်းမှ တပ်ရုပ်သိမ်းရန် ငြင်းဆွဲနေမှုနှင့် ဟစ်ဇ်ဘိုလာ၏ အနာဂတ်အခန်းကဏ္ဍတို့ကြောင့် ယခု နု နယ်လှသော ရက် ၆၀ အပစ်ရပ် ဆွေးနွေးပွဲသည် အနာဂတ်တွင် စိန်ခေါ်မှုများစွာ ရှိနေဆဲ ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN