
(နိုင်ငံတကာ) ဇွန် ၁၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းဒေသများတွင် ဖြစ်ပွားနေသော အီဘိုလာကပ်ရောဂါသည် ကူးစက်မှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိရန် လိုအပ်နေသေးပြီး ရောဂါကို အမြစ်ပြတ်ထိန်းချုပ်နိုင်ရန် နောက်ထပ်တစ်နှစ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရယ်စီမံကိန်းမန်နေဂျာ ဘရူနို မစ်ချွန် (Bruno Michon) က ဇွန်လ ၁၅ ရက်တွင် အထူးသတိပေး ပြောကြားလိုက်သည်။
လက်ရှိအခြေအနေအရ DRC တွင် ပြင်းထန်ပြီး ရှားပါးလှသည့် ‘ဘွန်ဒီဘူဂျို (Bundibugyo)’ အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေသည် ၁၉၂ ဦးအထိ ရှိလာပြီ ဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်သည် ကူးစက်ခံရသူ သေဆုံးပြီးနောက်တွင်ပင် ၎င်း၏ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်များမှတစ်ဆင့် အခြားသူများထံ ကူးစက်နိုင်သည့် အန္တရာယ်ရှိပြီး လက်ရှိတွင် ပြည်နယ်သုံးခုအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။
ကြက်ခြေနီအဖွဲ့၏အဆိုအရ မြေပြင်တွင် ဒေသခံလူထုနှင့် ထိတွေ့ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အပြင်၊ သေ ဆုံးသူများ၏ ရုပ်အလောင်းများကို စနစ်တကျ ဘေးကင်းစွာ သင်္ဂြိုဟ်ပေးနေသည့် ကယ်ဆယ်ရေးအဖွဲ့များသည် မကြာသေးမီရက်ပိုင်းအတွင်း ဒေသခံအချို့၏ ဆဲဆိုစော်ကားမှု၊ ခြိမ်းခြောက်မှုနှင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများနှင့်ပါ ရင်ဆိုင်နေရကြောင်း သိရသည်။
“လူထုရဲ့ ယုံကြည်မှုရဖို့ အချိန်ယူတည်ဆောက်နေရပါတယ်။ ဒါပေမဲ့ အခုလို အသက်အန္တရာယ်ကြီးတဲ့ ကပ်ရောဂါမျိုးမှာတော့ လူထုပူးပေါင်းပါဝင်လာဖို့က ရွေးချယ်စရာမရှိဘဲ မဖြစ်မနေ လိုအပ်ပါတယ်” ဟု မစ်ချွန်က ဆိုသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)၏ အရေးပေါ်ဆေးဘက်ဆိုင်ရာ ညှိနှိုင်းရေးမှူး ကိတ်ဝှိုက်က ကပ်ရောဂါ သည် မည်သည့်နေရာများသို့ အတိအကျ ပျံ့နှံ့နေသည်ကို မည်သူမျှ တိတိကျကျ မသိရှိရသေးကြောင်းနှင့် ရောဂါပိုးစစ်ဆေးခြင်း (Testing) အပိုင်းသည် လက်ရှိတုံ့ပြန်ဆောင် ရွက်မှုများတွင် အကြီးမားဆုံးသော အားနည်းချက်ဖြစ်နေကြောင်း ထောက်ပြထားသည်။
ထို့ပြင် ကွန်ဂို ပြည်သူ့ကျန်းမာရေး အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ ဓာတ်ခွဲခန်းများ၊ ဆေးရုံများနှင့် ကူး စက်ရောဂါစောင့်ကြည့်ရေးအဖွဲ့များထံမှ ရရှိသော ကိန်းဂဏန်းအချက် အလက်များကို တစ်ပြေးညီဖြစ်အောင် ပေါင်းစပ်ရန် အလွန်ခက်ခဲနေကြောင်း သိရသည်။
လူနာအချို့သည် ကျန်းမာရေးဇုန်များကို ဖြတ်ကျော်ကာ တစ်ကြိမ်ထက်မက စစ်ဆေးမှုခံယူခြင်းကြောင့် လူနာဦးရေ လိုသည်ထက် ပိုမိုရေတွက်မိနေခြင်းများ ရှိနိုင်သလို၊ အခြားတစ်ဖက်တွင်လည်း ဒေသခံအများအပြားသည် ကျန်းမာရေးဌာနများသို့ မရောက်ရှိဘဲ လူထုအတွင်း၌တင် သေဆုံးသွားကြသဖြင့် စာရင်းပျောက်ကွယ်မှုများလည်း ရှိနေသည်။ အဆိုပါအရာရှိက ဤဗိုင်းရပ်စ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက လူထုအတွင်း တိတ်တဆိတ် စတင်ပျံ့နှံ့နေခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN