
(နိုင်ငံတကာ) ဇွန် ၁၆
ဥရောပသမဂ္ဂ (EU) သည် ရုရှား၏ ကျူးကျော်စစ်ကို ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံနှင့် အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံတို့အား သမဂ္ဂအဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံရေး လုပ်ငန်းစဉ်ကို လူဇင်ဘတ်နိုင်ငံတွင် ကျင်းပသည့် အစိုးရအချင်းချင်းဆိုင်ရာ ညီလာခံ၌ တနင်္လာနေ့က စတင်လိုက်ပြီ ဖြစ်သည်။ ဤခြေလှမ်းသည် ကိဗ်(Kyiv)အစိုးရအတွက် နိုင်ငံရေးအရ အနောက် အုပ်စုနှင့် ပိုမိုနီးကပ်စေမည့် လုံခြုံ ရေးအာမခံချက် ကျောက်ဆူးတစ်ခု ဖြစ်လာခဲ့သည်။
ညီလာခံသို့ တက်ရောက်လာသည့် ယူကရိန်းဒုတိယဝန်ကြီး ချုပ် တာရပ်စ် ကာချ်ကာ (Taras Kachka) က “ယူကရိန်းအပေါ် ရန်စကျူးကျော်မှုတွေနဲ့ ဥရောပအပေါ် ခြိမ်း ခြောက်မှုတွေဟာ ရုရှားရဲ့ အမြဲတမ်းမူဝါဒဖြစ်နေတာကြောင့် ကျွန်တော်တို့ ညီ ညွတ်ကြဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ EU ထဲကို ပိုမိုမြန်ဆန်ပြီး ဘက်စုံလွှမ်းခြုံတဲ့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရဖို့ လိုအပ်တာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်း၏ EU ဝင်ခွင့်ကို ရုရှားလိုလားသူ ဟန်ဂေရီဝန် ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန် (Viktor Orban)က ကာလရှည် ကြာ ဗီတိုအာဏာဖြင့် ပိတ်ဆို့ထားခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်သွားခဲ့ပြီးနောက် လမ်းပွင့်သွားခဲ့ခြင်း ဖြစ်သည်။
ရာထူးဆက်ခံသူ ဝန်ကြီးချုပ်သစ် ပီတာ မာဂျာ (Péter Magyar) သည် EU ဗဟိုချက်သို့ အမြန်ဆုံးပြန်လည်ပူး ပေါင်းရန် ကြိုးပမ်းခဲ့ပြီး၊ Brussels က ဟန်ဂေရီအတွက် ဆိုင်းငံ့ထားသည့် ယူရို ၁၆ ဘီလီယံကျော် (ဒေါ်လာ ၁၈ ဘီလီယံ) ရန်ပုံငွေကို ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ပြီးခဲ့သည့်အပတ်က ယူကရိန်းအပေါ် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ရုရှားသည် အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံကို ၎င်း၏ဩဇာခံအဖြစ် ထားရှိရန် အေအိုင် (AI) နည်းပညာသုံး သတင်းမှားဖြန့်ဝေမှုများဖြင့် ရွေးကောက်ပွဲကို လွှမ်း မိုးရန် ကြိုးပမ်းခဲ့သော်လည်း အနောက် နိုင်ငံလိုလားသည့် လက် ရှိသမ္မတကသာ ဆက်လက်အနိုင်ရရှိခဲ့ပြီး EU သို့ ဝင်ရောက်ရန် လမ်းစပြုလာနိုင်ခဲ့သည်။
EU သို့ ဝင်ရောက်မည့် နိုင်ငံများသည် စိုက်ပျိုးရေး၊ အခွန်၊ စွမ်းအင်နှင့် ကုန်သွယ်ရေး အပါအဝင် မူဝါဒနယ် ပယ် အခန်းကဏ္ဍပေါင်း ၃၅ ခု (35 Chapters) ကို ညှိနှိုင်းရမည်ဖြစ်ရာ ယခုပထမဆုံးအဆင့်အဖြစ် တရားဥပဒေစိုးမိုးရေး၊ အခြေခံရပိုင်ခွင့်များ၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဘဏ္ဍာရေးထိန်းချုပ်မှု စသည့် အဓိကအခြေခံတန်ဖိုး ၅ ခု (Clusters)ကို စတင်ဆွေးနွေးခဲ့သည်။ ယင်းသည် ယူကရိန်း၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပေါ် စိုးရိမ်နေသည့် ဥရောပနိုင်ငံအချို့အတွက် အရေး ကြီးသော ကဏ္ဍဖြစ်သည်။
EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas)က “ဒီနိုင်ငံနှစ်ခုစလုံးဟာ ထူးခြားတဲ့ အခြေ အနေတွေအောက်မှာ ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဝင်ဖြစ်လာတာဟာ ဥရောပကို ပိုမိုအင်အားတောင့်တင်းစေမှာပါ” ဟု X တွင် ချီးကျူးခဲ့သည်။
ဂျာမနီအဓိပတိ ဖရီးဒရစ် မာဇ် (Friedrich Merz) က ၄ နှစ်ကျော်ကြာနေပြီဖြစ်သည့် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မည့် တွန်းအားအဖြစ် ယူကရိန်းအား “တွဲဖက်အဖွဲ့ဝင်အဆင့် (Associate Membership)” ပေးရန် အကြံပြုထားပြီး၊ ပြင်သစ်နှင့် နယ်သာလန်တို့ကလည်း အခွင့်အရေးအပြည့်အဝမပါသည့် အခြားနည်းလမ်းများဖြင့် အမြန်သွတ်သွင်းရန် အကြံပြုထားသည်။
သို့သော်လည်း EU အရာရှိများနှင့် အဖွဲ့ဝင်ဖြစ်ရန် တန်းစီစောင့်ဆိုင်းနေသည့် အခြားနိုင်ငံများကမူ မျက်နှာသာပေးမှုမရှိဘဲ အရည်အချင်းအပေါ်၌သာ အခြေခံသည့် “တင်းပြည့်အဖွဲ့ဝင်အဆင့်” ကိုသာ ရရှိစေရမည်ဟု အခိုင်အမာ ပြောဆိုထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN