(မှုခင်း) ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းတွင် ဇွန် ၁၂ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေးနှင့် စစ်ဆေးရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာမှ တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၃၇ ဦး စုစုပေါင်း ၈၈ ဦးအား ဖုန်းမျိုးစုံ ၁၈၀ လုံး၊ All In One ကွန်ပျူတာ ၄၄ လုံး၊ Power Station (အသေး) ၂ လုံးနှင့် မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဆက်လက်စစ်ဆေးရာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇွန် ၁၂ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ထပ်မံဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးအား ဖုန်းမျိုးစုံ ၁၀၃ လုံး၊ Laptop ၆ လုံး၊ All In One ကွန်ပျူတာ ၂ လုံး၊ Wifi စက် ၄ လုံးနှင့် CPU ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူ စုစုပေါင်း ၉၄ ဦးရှိပြီး လုပ်ငန်းအသုံးပြု စက်ကိရိယာများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ တိုက်ဖျက်ရေးကို ဆက်လက်အားကောင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။