ကွယ်လွန်သူ အဓိပတိခေါင်းဆောင်ကြီး ခါမေနီ၏ ဈာပနနှင့် ဂူသွင်းမည့်ရက်စွဲများကို အီရန် ကြေညာ

(နိုင်ငံတကာ) ဇွန် ၁၃

     ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန် – အစ္စ ရေး ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသည့် အီရန်နိုင်ငံ၏ သြဇာအကြီးမားဆုံး အဓိပတိခေါင်း ဆောင်ကြီး အလီ ခါမေနီ (Ali Khamenei) ၏ ဈာပနအခမ်းအနားနှင့် ဂူသွင်းသင်္ဂြိုဟ်မည့် ရက်စွဲများကို အီရန်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြကြသည်။

     သတင်းထုတ်ပြန်ချက်အရ အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီ၏ ဈာပနအခမ်းအနားကို လာမည့် ဇူလိုင် ၄ ရက်တွင် မြို့တော်တီဟီရန်၌ စတင်ကျင်းပမည်ဖြစ်ပြီး ၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့နောက် ဇူလိုင် ၇ ရက်တွင် ရှီအိုက်မွတ်စလင်တို့၏ အထွတ်အမြတ်ထားရာ ကွန် (Qom) မြို့၌ အခြားအခမ်းအနားတစ်ခုကို ဆက်လက်ပြုလုပ်မည်ဖြစ်ကာ၊ ဇူလိုင် ၉ ရက်တွင် ၎င်း၏ဇာတိမြေဖြစ်သော မက်ရှ်ဟတ် (Mashhad) မြို့၌ ဂူသွင်းသင်္ဂြိုဟ်သွားမည် ဖြစ် သည်။

     အဆိုပါ သင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကနဦးက မတ်လအတွင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အမေရိကန်၊ အစ္စ ရေးတို့နှင့် ဖြစ်ပွားနေသော စစ်ပွဲများ ပြင်းထန်စွာ ရုန်းကန်နေရခြင်းကြောင့် ယခုကဲ့သို့ လအတော်ကြာ ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

     အယာတိုလာ အလီ ခါမေနီသည် ၁၉၈၉ ခုနှစ်တွင် အစ္စလာမ္မစ်တော်လှန်ရေးခေါင်းဆောင်ကြီး အယာတိုလာ ရူဟိုလာ ခိုမိန်းနီ ကွယ်လွန်ပြီးနောက်ပိုင်း အီရန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော်ကြာ တောက်လျှောက်ဦးဆောင်ခဲ့သူ ဖြစ် သည်။

     ရှေးဦးခေါင်းဆောင် ခိုမိန်းနီသည် ပါလာဗီဘုရင်စနစ်ကို ဖြုတ်ချခဲ့သည့် ဝါဒရေးရာနောက်ခံ အင်အားစုဖြစ်ခဲ့သော် လည်း၊ ခါမေနီမှာမူ ယနေ့ခေတ် အီရန်၏ စစ်ဘက်နှင့် တော်လှန်ရေးအစောင့်တပ် (IRGC) ကဲ့သို့သော ပြည်သူ့ စစ်ယန္တရားကြီးတစ်ခုလုံးကို ခိုင်မာတောင့်တင်းအောင် ပုံဖော်တည်ဆောက်ခဲ့သူ ဗိသုကာကြီး ဖြစ်သည်။

     လက်ရှိတွင် ခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ၎င်း၏သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei)က လျာထားခြင်းခံရပြီး၊ စစ်ပွဲစတင်ကတည်းက လူမြင်ကွင်းမှ ဝေးကွာနေခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီ ၈ ရက် အပစ်အခတ်ရပ်စဲရေးအပြီး နှစ်နိုင်ငံဆွေးနွေးပွဲများအတွင်း ၎င်းက ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်လာနေကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က သုံးသပ်ပြောကြားထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN