
(နိုင်ငံတကာ) ဇွန် ၁၂
မြန်မာ့အရေး သုတေသနပြုလုပ်နေသည့် မူဝါဒရေးရာအကြံ ပေးအဖွဲ့ (ISP-Myanmar)၏ တည်ထောင်သူလည်းဖြစ်၊ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည့် နိုင်ငံရေးလေ့လာဆန်းစစ်သူ ဒေါက်တာမင်းဇင်အား တရုတ်နိုင်ငံတွင် ‘သူလျှိုလုပ်မှု’ သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (သောကြာနေ့)တွင် အတည်ပြုပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့် (Lin Jian)က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာမင်းဇင်အား “သူလျှိုလုပ်မှု” နှင့် “နိုင်ငံတော်လုံခြုံ ရေးကို ဘေးပြုမှု” သံသယများဖြင့် ဖမ်းဆီးကာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီအမံများဖြင့် ထိန်းသိမ်းထားကြောင်းနှင့် အဆိုပါဖမ်း ဆီးမှုကို တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးသို့ အကြောင်း ကြားထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါဖမ်း ဆီးမှုကို သိရှိထားပြီး သင့်လျော်သည့် ကောင်စစ်ဝန်ဆိုင်ရာ ကူညီမှုများပေးရန် လုပ်ဆောင်နေကြောင်း သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
သတင်းများအရ ဒေါက်တာမင်းဇင် သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က မြန်မာနယ်စပ်နှင့်နီးစပ်သည့် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ရှိနေစဉ် စတင်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် အမေရိကန်နိုင်ငံ ဘာကလေတက္ကသိုလ် (UC Berkeley) တွင် နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ (PhD) သင်တန်းတက်ရောက်နေသူဖြစ်ပြီး၊ ၎င်းတည်ထောင်ထားသည့် ISP-Myanmar အဖွဲ့မှာမူ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးနှင့် သယံ ဇာတပဋိပက္ခများကို အဓိကထား သုတေသနပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။
မင်းဇင်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်း၌ ဆက် လက်ရပ်တည်ရန် လုံခြုံရေးအရ အခက်အခဲရှိလာသဖြင့် ၎င်းအဖွဲ့ဝင်အများစုမှာ ထိုင်း-မြန်မာနယ်စပ် သို့မဟုတ် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းကာ အွန်လိုင်းအခြေပြု သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသည်။ ၎င်းသည် မြန်မာ နိုင်ငံ အစိုးရ၏ လုပ်ဆောင် ချက်များကို အဓိက ဝေဖန်တိုက် ခိုက်လေ့ရှိသည်။
ဒေါက်တာမင်းဇင် ဖမ်းဆီးထားရှိမှုအပေါ် ဝါရှင်တန်ရှိ တရုတ်သံရုံးက “တရုတ်နိုင်ငံမှာ နေထိုင်နေထိုင်၊ ခရီးသွားလာနေထိုင် တဲ့ နိုင်ငံခြားသားအားလုံးဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး၊ ဥပဒေကို ချိုးဖောက်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။” ဟု ရပ်တည်ချက်ကို ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN