အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရန် ယူကေ၊ အော်စတြေးလျနှင့် ကနေဒါတို့ ပူးပေါင်း၍ ဒေါ်လာ ၄ သန်းတန် ငြိမ်းချမ်းရေးရန်ပုံငွေ ထူထောင်

(နိုင်ငံတကာ) ဇွန် ၁၁

     အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခကို ရေရှည်ဖြေရှင်းနိုင်မည့် “နိုင်ငံနှစ်နိုင်ငံ ပူးတွဲတည်ရှိရေးမူဝါဒ” (Two-state solution)ကို ထောက်ခံအားပေးရန်အတွက် ဗြိတိန်၊ အော်စတြေးလျနှင့် ကနေဒါနိုင်ငံတို့ ပူးပေါင်းကာ ပေါင် ၃ သန်း (အမေရိကန်ဒေါ်လာ ၄.၀၂ သန်း) တန်ဖိုးရှိ ငြိမ်းချမ်းရေးရန်ပုံငွေတစ် ရပ်ကို ကြာသပတေးနေ့က စတင်ထူထောင်လိုက်သည်။

     အဆိုပါ ရန်ပုံငွေအတွက် သုံးနိုင်ငံစလုံးမှ ပေါင် ၁ သန်း (အမေရိကန်ဒေါ်လာ ၁.၃၄ သန်း) စီ အသီးသီးထည့်ဝင်ကြမည်ဖြစ်ပြီး၊ ရန်ပုံငွေကို အစ္စရေးနှင့် ပါလက်စတိုင်း လူမှုအသိုက်အဝန်းအတွင်းရှိ လူငယ်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးများ ပါဝင်သည့် အခြေခံလူတန်းစားအလွှာဆိုင်ရာ ငြိမ်းချမ်းရေးစီမံကိန်းများတွင် အဓိကထား အသုံးပြုသွားမည်ဖြစ်သည်။

     ယခုလုပ်ဆောင်ချက်သည် တရားမဝင်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေ(West Bank) ဒေသ ၌ အစ္စရေးတို့၏ အခြေချနေထိုင်မှု သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ တိုးချဲ့လာခြင်းနှင့် ပါလက်စတိုင်းလူမျိုးများအပေါ် အစ္စရေးအခြေချသူများ၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းတို့ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    ယခုရက်ပိုင်းအတွင်း အဆိုပါသုံးနိုင်ငံနှင့်အတူ ပြင်သစ်၊ နယူးဇီလန်၊ နော်ဝေတို့ ပူးပေါင်းကာ အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့နေသည့် အစ္စရေးကွန်ရက်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။

     ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အစ်ဗက်ကူးပါး (Yvette Cooper)က “အရှေ့အလယ်ပိုင်းရဲ့ ရေရှည်ငြိမ်းချမ်းရေးဟာ နိုင်ငံနှစ်နိုင်ငံ ပူးတွဲတည်ရှိရေးမူအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကို သံတမန်ရေးရာသက်သက်ပဲလို့ မမြင်ဘဲ၊ ပဋိပက္ခကြားကြီး ပြင်းလာရတဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေကြား ဆွေးနွေးမှုနဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ ပါဝင်ကူညီရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

     ယခုရန်ပုံငွေသည် ပါလက်စတိုင်းပြည်သူများအတွက် လူ သားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်သာမက၊ အကြမ်း ဖက်အစ္စရေးအခြေချသူများကို နှိမ်နင်းရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀ ချက်ပါ ဂါဇာငြိမ်းချမ်းရေးအစီ အစဉ်ကို ထောက်ခံပံ့ပိုးရန်လည်း ရည်ရွယ်သည်။

     ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်သည့် စစ်ပွဲအတွင်း အနောက်ဘက်ကမ်းခြေဒေသ၌ ပါလက်စတိုင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါတိုက်ခိုက်မှုများတွင် အစ္စရေးအာဏာပိုင်များ ကိုယ်တိုက်တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိထားသည်။

     ယူကေ၊ အော်စတြေးလျနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးများ ဗြိတိန်တွင် မတွေ့ဆုံမီ ထုတ်ပြန်ခဲ့သည့် ယခုရန်ပုံ ငွေသည် နောင်တွင် အခြားနိုင်ငံတကာအလှူရှင်များကိုပါ ထပ်မံဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN