
(နိုင်ငံတကာ) ဇွန် ၉
အစ္စရေးအနေဖြင့် တိုက်ခိုက်မှုများကို ဆက်လက်လုပ် ဆောင်နေပါက “ပြင်းထန်သော တုံ့ပြန်မှုများ” နှင့် ရင်ဆိုင်ရမည်ဟု အီရန်စစ်တပ်က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းရှိ မြို့ရွာအများအပြားကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ကလေးငယ်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများအပါ အဝင် အနည်းဆုံး အရပ် သား ၁၄ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က အမေရိကန်နှင့် အီရန်တို့အကြား “အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက်ရရှိပြီးနောက်ပိုင်း အီရန်နှင့် အစ္စရေးတို့အကြား အကြီးမားဆုံး ပဋိပက္ခအရှိန်မြင့်တက်မှုအဖြစ် တနင်္လာနေ့တွင် အပြန် အလှန် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြပြီးနောက် ထွက်ပေါ်လာသည့် အကျိုးဆက် ဖြစ်သည်။
လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားများနှင့် မရှိမဖြစ်အခြေခံအဆောက်အအုံများကို ထိမှန်ခဲ့သည်။ ဆိုင်ယာ (Tyre)မြို့ရှိ ကြက်ခြေနီဗဟိုဌာနအနီးသို့ အစ္စရေး၏ ဗုံးကြဲမှုကြောင့် ဆေးဘက်ဆိုင်ရာ လူနာတင် ယာဉ်ဝန်ထမ်း ၄ ဦးအပါ အဝင် ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အဆို ပါကမ်းရိုးတန်းမြို့ရှိ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုလည်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။
ဆိုင်ဒွန် (Sidon)ခရိုင်၊ အယ်လ်-မာဝါနီယာဒေသသို့ တိုက် ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများအပါအဝင် လူ ၂ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သည်။နာဘာတီးယား (Nabatieh)ခရိုင်၊ ဇက်ဖ်တာမြို့တွင် ဆီးရီးယားလူမျိုး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါ အဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရသည်။
တစ်ချိန်တည်းမှာပင် လက်ဘနွန်တောင်ပိုင်းရှိ ကျူးကျော် အစ္စရေးတပ်များကို ခုခံနေသည့် ဟစ်ဇ်ဘိုလာလက် နက်ကိုင်အဖွဲ့ကလည်း မဟာဗျူဟာမြောက် ဘိုဖော့ရဲတိုက်အနီးတွင် အစ္စရေးစစ်ဘက်သုံး မြေတူးစက်နှစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အစ္စရေးစစ်တပ်အခြေစိုက်ရာနေရာများကို ပစ်မှတ်ထားကာ စစ်ဆင်ရေး ၁၆ ကြိမ်ဖြင့် တုံ့ပြန်ခဲ့ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် အီရန်အဓိပတိ အလီခါမေနီယီ လုပ်ကြံခံရမှုကြောင့် တီဟီရန်မဟာမိတ် ဟစ်ဇ်ဘိုလာက အစ္စရေးမြောက်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ရာမှ လက်ဘနွန်သည် ယခုစစ်ပွဲအတွင်းသို့ ဆွဲသွင်းခံခဲ့ရခြင်းဖြစ် သည်။ အမေရိကန်နှင့် အီရန်တို့အကြား အပစ်ရပ်ထားသော်လည်း အစ္စရေးကမူ လက်ဘနွန်စစ်မျက်နှာသည် သီး ခြားဖြစ်သည်ဟုဆိုကာ တိုက် ခိုက်မှုများကို ရပ်တန့်ခြင်းမရှိပေ။
အီရန်စစ်တပ်က လက်ဘနွန်တောင်ပိုင်းအပေါ် အစ္စရေး၏ ဆက်လက်ကျူးကျော်မှုများကို “ဒီထက်မက ပြင်းထန်ပြီး ချေ မှုန်းနိုင်တဲ့ အစီအမံတွေနဲ့ တုံ့ပြန်သွားမယ်” ဟု သတိပေးထားသော်လည်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ယင်းကို ပယ်ချခဲ့ပြီး အစ္စရေးမြောက်ပိုင်းကို တိုက်ခိုက်လာပါက လက်ဘနွန်မြို့တော် ဘေရွတ်၏ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်များကို အင်အားအပြည့်ဖြင့် ဆက်လက်ခြေမှုန်းသွားမည်ဟု ကတိပြုထားသည်။
လက်ဘနွန်ဝန်ကြီးချုပ် နာဝါ့ဖ် ဆလမ်၏ ထုတ်ပြန်ချက်အရ ဧပြီ ၁၆ ရက်ကတည်းက အစ္စရေးသည် လက်ဘနွန်အပေါ် လေ ကြောင်းတိုက်ခိုက်မှု ၃,၅၀၀ နီးပါးနှင့် ကျေးရွာတစ်ခုလုံးကို မြေလှန်ပြာကျစေသည့် စစ်ဆင်ရေး ၆ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မတ်လကတည်းက စတင်ခဲ့သည့် စစ်ပွဲကြောင့် လက်ဘနွန်တွင် သေဆုံးသူ ၃,၆၃၇ ဦးနှင့် ဒဏ်ရာရသူ ၁၁,၁၈၈ ဦးအထိ ရှိလာခဲ့ပြီ ဖြစ် သည်။
လက်ရှိတွင် လက်ဘနွန်လူဦးရေ၏ ငါးပုံတစ်ပုံ (လူဦး ရေ တစ်သန်းကျော်) မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေရွတ်နှင့် ဆိုင်ဒွန်ရှိ အစိုးရဒုက္ခသည်စခန်းများမှာလည်း လူဦးရေလက် ခံနိုင်စွမ်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိကာ ပြည့်လျှံနေသည်။
ဘအပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ကလည်း ဒုက္ခသည်များ၏ ၉၄ ရာခိုင်နှုန်းမှာ အခြေခံလို အပ်ချက်များပင် မဖြည့်ဆည်းနိုင်တော့ဘဲ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးကြီးနှင့် ရင်ဆိုင်နေရသဖြင့် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းဖော်ဆောင်ရန် တောင်းဆိုထား သည်။
Telegram»…
https://t.me/positiveanglenews
#PAN