DEMU ရထားတွဲဆိုင်းသစ်ကို ခဲဖြင့်ပစ်ပေါက်သည့် ဆယ်ကျော်သက်လူငယ်လေးဦးကို ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၉

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၁၀) အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်ကို ခဲဖြင့်ပစ်ပေါက်သည့် ဆယ်ကျော်သက်လူငယ်လေးဦးကို ဖမ်းဆီးရမိပြီးအမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွန် ၆ ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင် အမှတ် (၁၀) အစုန်မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ကဒုတ်နှင့် ပျဉ်ပုံကြီးဘူတာအကြား မိုင်တိုင် ၆၈/၈-၉ သိုရောက်ရှိ ဖြတ်သန်းစဉ်တွဲဆိုင်း၏ နောက်ဆုံးတွဲ DEMU-F-4016 ၏ အနောက်ဘက်ခြမ်းခရီးသည် အတက်/ အဆင်းတံခါးမှန်အား ခဲဖြင့်ပစ်ပေါက်မှုကြောင့် ၎င်းတံခါးရွက်၏ အပေါ်မှန်မှာ ကြေမွပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ပွားရာနေရာသို ဒိုက်ဦးမြိုနယ် ရဲစခန်းနှင့် ရထားရဲတပ်ဖွဲတိုမှ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာ တရားခံဖြစ်သူ ဟိန်းမင်းရှိန် (ဘ) ဦးဇော်လင်းခိုင်၊ အသက် (၁၅) နှစ်၊ အရှေ့ဈေးလမ်းပျဉ်ပုံကြီးကျေးရွာ ပဲခူးမြိုနယ်နှင့် အောင်မြင့်မြတ် (ဘ) ဦးကျော်ဟန် အသက် (၁၆) နှစ်၊ ဟိန်းမင်းထွဋ် (ဘ) ဦးသိန်းတိုး၊ အသက် (၁၅) နှစ်၊ လရောင်ဟန် (ဘ) ဦးအောင်ဇေယျ၊ အသက် (၁၆) နှစ် ဒိုက်ဦးမြိုနယ်တွင် နေထိုင်သူတိုကို ဖမ်းဆီးရမိခဲ့ပြီး ဒိုက်ဦးမြိုနယ် အေးသုခရဲစခန်းတွင် အမှုအမှတ်၊ ပ/၁၃/၂၀၂၆ ရထားပိုဆောင်ရေးလုပ်ငန်းဥပဒေ ၈၄ နှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင်လည်း အမှတ် (၇) အဆန် DEMU ရထားအား ဖြူးနှင့်ဇေယျဝတီဘူတာအကြား ခဲဖြင့် ပစ်ပေါက်ခဲ့သူ တရားခံ ထက်ဦးလွင် (ခ) ငထော်နီ၊ အသက် (၁၈) နှစ်အား တောင်ငူ ခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထားပိုဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပိုဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း (သိုမဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ အများဆုံးနှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရှိရပြီး ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN