
(နိုင်ငံတကာ) ဇွန် ၉
ရုရှား-ယူကရိန်းစစ်ပွဲ၏ ဘေးထွက်ဆိုးကျိုး (Spillover Effects)များသည် နေတိုး(NATO)မဟာမိတ်အဖွဲ့ဝင် ဥရောပအရှေ့ဘက်စွန်နိုင်ငံများဆီသို့ တစ်စစ ကူးစက်လာနေပြီ ဖြစ် သည်။ ဇွန်လ ၈ ရက် (တနင်္လာနေ့) က ရုရှားနိုင်ငံဘက်မှ လတ်ဗီယာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာသည့် မောင်းသူမဲ့ဒရုန်းတစ်စင်းကို နေတိုးအဖွဲ့ ၏ ဝေဟင်ကင်းလှည့်မစ်ရှင်တွင် ပါဝင်နေသည့် ပြင်သစ်တိုက်လေယာဉ်များက ကြားဖြတ်ပစ်ချခဲ့ရသည်။
လတ်ဗီယာစစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းသည် ရုရှား၏ အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) လှိုင်းနှောင့်ယှက်မှုများကြောင့် လမ်းကြောင်းလွဲကာ လတ်ဗီယာဝေဟင်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ လတ်ဗီယာကာကွယ် ရေးဝန်ကြီး ရိုင်ဗစ် မဲလ်နစ် (Raivis Melnis) က ဒရုန်းကို ရုရှားနယ်စပ်မှ ၃၀ ကီလိုမီတာ (၁၈ မိုင်) ခန့်အကွာရှိ ဘာ့ဇ်ဂါလီ (Berzgale) ရွာအနီးတွင် ပစ်ချခဲ့ခြင်းဖြစ်ပြီး၊ လူသူထိခိုက်ဒဏ်ရာရမှု သို့မဟုတ် အဆောက်အအုံပျက်စီးမှု မရှိကြောင်း အတည်ပြုခဲ့သည်။
ပြင်သစ်စစ်တပ်ကမူ လစ်သူယေးနီးယားအခြေစိုက် ပြင်သစ်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ကာ လူသူမနေထိုင်သည့် နယ်မြေအပေါ်၌ ဒရုန်းကို ဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်းနှင့် ယခုလုပ်ရပ်သည် နေတိုးအရှေ့ဘက်စစ်မျက် နှာလုံခြုံရေးအတွက် ပြင်သစ်၏ ကတိကဝတ်ကို ပြသခြင်းဖြစ်ကြောင်း ဆိုသည်။
မကြာသေးမီလများအတွင်း ဝေဟင်နှင့် ရေပြင်တို့မှတစ်ဆင့် ရုရှားနှင့် ယူကရိန်းတို့၏ ဒရုန်းများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် လတ်ဗီယာနိုင်ငံတွင် ပြည် တွင်းနိုင်ငံရေးအရ ပြင်းထန်သော ဖိအားများဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်လက ဝန်ကြီးချုပ် ဧဗီကာ ဆီလီနာ (Evika Silina) ရာထူးမှ နုတ်ထွက်ရသည့်အထိ ဖြစ်ပွားခဲ့သည်။
လတ်ဗီယာစစ်တပ်၏ ထုတ်ပြန်ချက်အရ ယခုပစ်ချခံရသည့် ဒရုန်းသည် ရုရှား၏ လှိုင်းနှောင့်ယှက်မှုကြောင့် လမ်း ကြောင်းလွဲလာသည့် ယူကရိန်းဒရုန်းတစ်စင်း ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်ပိုင်နက်များအတွင်းသို့ စစ်ပွဲရိုက်ခတ်မှုများ ဝင်ရောက်လာသည်မှာ လတ်ဗီယာတစ်ခုတည်း မဟုတ်ပေ။ မကြာသေးမီကပင် မော်လ်ဒိုဗာနိုင်ငံအတွင်း ယူကရိန်းဒရုန်းအပိုင်းအစများ ကျရောက်ခဲ့သလို၊ ရိုမေးနီးယားနိုင်ငံတွင်လည်း ရုရှား၏ လှိုင်းနှောင့်ယှက်မှုကြောင့် လမ်း ကြောင်းလွဲသွားသည့် ယူကရိန်းရေ ကြောင်းသုံးဒရုန်းတစ်စင်း ဆိပ်ကမ်းတွင် ပေါက်ကွဲခဲ့သည်။ ထို့ပြင် မေလနှောင်းပိုင်းကလည်း ရုရှားဒရုန်းတစ်စင်းသည် ရိုမေးနီးယားရှိ လူနေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သဖြင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ နေတိုးနယ်စပ်များအတွင်း ဖြစ်ပွားလာသည့် စစ်ရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိန်း (Ursula von der Leyen) က ရုရှား-ယူကရိန်းစစ်ပွဲသည် ဥရောပအရှေ့ဘက်နယ်စပ်ရှိ နိုင်ငံများအတွက် တိုက် ရိုက်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း သတိပေးထားပြီး၊ နေတိုးအနေဖြင့် အဆိုပါအိမ်နီးချင်းနိုင်ငံများနှင့်အတူ အကြွင်းမဲ့ ရပ်တည်သွားမည်ဟု ကြေညာထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN