
(နိုင်ငံတကာသတင်းဆောင်းပါး) ဇွန် ၉
သီတင်းပတ်ပေါင်းများစွာ တင်းမာမှုများအပြီးတွင် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးစစ်ကစားကွက်သည် သိသာထင်ရှားသောအလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏ ဆက်တိုက်တိုက်ခိုက်မှုများသည် ဒေသတွင်းသံတမန်ရေးရာကို ပျက်ပြားစေလိမ့်မည်ဟု အီရန်က သတိပေးခဲ့ပြီးနောက်၊ နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနိုင်ငံပေါ်သို့ တိုက်ရိုက်ဒုံးကျည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ယခုဖြစ်ရပ်သည် အမေရိကန်နှင့် အီရန်အကြား စေ့စပ်ညှိ နှိုင်းနေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် သံသယအသစ်များ မီးမွှေးလိုက်ရုံသာမက၊ စစ်ပွဲတစ်ခုလုံး၏ အဆုံး အဖြတ်ပေးရာ အချက်အချာနေရာ (Breaking Point) သည် လက်ဘနွန်နိုင်ငံ ဖြစ်လာကြောင်း အထင်အရှား သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။
ဘေရွတ်မြို့- အီရန်တို့ ဖြတ်ကျော်ခွင့်မပြုသည့် “အနီရောင်မျဉ်း” (The Red Line)
အစ္စရေးနှင့် အမေရိကန်တို့သည် လက်ဘနွန်တောင်ပိုင်း သိမ်းပိုက်မှုကိစ္စကို အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲနှင့် သီးခြားစီခွဲထုတ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အီရန်ကမူ လက်ဘနွန်အရေးကို ချန်လှပ်ထားသည့် မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်မျိုးကိုမဆို လက်ခံမည်မဟုတ်ကြောင်း အစဉ်တစိုက် တုံ့ပြန်ခဲ့သည်။
အမေရိကန်အစိုးရက ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် အစ္စ ရေးမြောက်ပိုင်းကို တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်သရွေ့ အစ္စရေးသည် လက်ဘနွန်မြို့တော် ဘေရွတ်ကို တိုက်ခိုက်မည်မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သော်လည်း၊ လွန်ခဲ့သည့်ရက်ပိုင်းက ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံးရပ် ကွက်များကို အစ္စရေးက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ ယင်းလုပ်ရပ်သည် အီရန်အတွက် ဖြတ်ကျော်ခွင့်မပြုနိုင်သော “အနီရောင်မျဉ်း” (Red Line)ကို နင်းမိသွားခြင်းပင် ဖြစ်သည်။
နိုင်ငံတကာမူဝါဒစင်တာ (Center for International Policy) ၏ အကြီးတန်းသုတေသနအဖွဲ့ဝင် နေဂါ မော်တာဇာဗီ (Negar Mortazavi) က “ပြီးခဲ့တဲ့အပတ်က အစ္စရေးဟာ ဘေရွတ်မြို့ကို တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့အခါ တီဟီရန်က ဝါရှင်တန်ဆီကို ပြင်းထန်တဲ့သတိပေးချက် ပေးပို့ခဲ့ပါတယ်။ အခုတော့ အီရန်ရဲ့ သတိပေးချက်ဟာ ခြိမ်းခြောက်ရုံသက်သက်မဟုတ်ဘူးဆိုတာကို လက်တွေ့ပြလိုက်တာပါပဲ” ဟု သုံးသပ်ထားသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ကျူး ကျော်မှုများထပ်မံပြုလုပ်ပါက ဒေသတွင်းရှိ အမေရိကန်-ဇီယွန်ဝါဒီပစ်မှတ်အားလုံးကို လွှမ်းခြုံတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။

”စစ်ပွဲတွင်လည်း အတူ၊ ငြိမ်းချမ်းရေးတွင်လည်း အတူ” – အီရန်၏ စစ်ရေးဗျူဟာအလှည့်အပြောင်း
လန်ဒန်ဘုရင့်ကောလိပ် (King’s College London)မှ နိုင်ငံ တကာလုံခြုံရေးဆိုင်ရာ ကထိကဖြစ်သူ ရော့ဘ် ဂိုက်စ် ပင်ဖိုးလ်ဒ် (Rob Geist Pinfold) ၏ အဆိုအရ လက်ရှိပဋိပက္ခတွင် အီရန်သည် ၎င်း၏ ဆယ်စုနှစ်ချီကျင့်သုံးလာခဲ့သော စစ်ရေးရပ်တည် ချက် ယုတ္တိဗေဒကို ပြောင်းလဲပစ် လိုက်ပြီဖြစ်သည်။
• အတိတ်က ဗျူဟာ (Forward Defence): အီရန်သည် ဟစ်ဇဘိုလာ (လက်ဘနွန်)၊ ဟူသီ (ယီမင်) နှင့် အီရတ်၊ ဆီးရီးယားရှိ လက်နက်ကိုင်အဖွဲ့များကို ငွေကြေးနှင့် လက်နက်အင်အား အမြောက်အမြား စိုက်ထုတ်ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ ၎င်း ၏ကြားခံအဖွဲ့များ (Proxy Groups) ကို အသုံးပြု၍ အစ္စရေးကို ဟန့်တားရန်နှင့် အီရန်နိုင်ငံတွင်းသို့ စစ်မရောက်စေရန် ဖြစ်သည်။
• လက်ရှိ မျက်မှောက်ဗျူဟာ: ယခုအခါတွင်မူ ကြားခံအဖွဲ့များကို အီရန်အတွက် တိုက်ခိုက်ခိုင်းမည့်အစား၊ အီရန်နိုင်ငံကိုယ်တိုင်က ၎င်း၏ကြားခံအဖွဲ့များ (အထူးသဖြင့် အရေးအကြီးဆုံး မဟာ မိတ်ဖြစ်သည့် ဟစ်ဇဘိုလာ)ကို ကာကွယ်ရန်အတွက် အစ္စရေးကို နိုင်ငံအဆင့် တိုက်ရိုက်တိုက်ခိုက်ပေးသည့် ဗျူဟာသို့ ကူးပြောင်းလာခြင်းဖြစ်သည်။
အာရပ်ပြုပြင်ပြောင်းလဲရေးအဖွဲ့ (ARI) ၏ အမှုဆောင်ဒါရိုက် တာ နာဒင် ဟာရီ (Nadim Houry) က အီရန်အနေ ဖြင့် ၎င်း၏ “စစ်မျက်နှာများ ညီညွတ်ရေး” (Unity of Fronts) ဗျူဟာကို မပျက်မစီး ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ အကယ်၍ ဟစ်ဇဘိုလာကို မကာကွယ်နိုင်ပါက ဒေသတွင်းရှိ ၎င်း၏မဟာမိတ်ကွန်ရက်တစ်ခုလုံး တစ်ခုပြီးတစ်ခု ပြိုလဲသွားနိုင်သည်ဟု စိုးရိမ်နေကြောင်း ထောက်ပြထားသည်။
တွက်ချက်ထားသည့်စွန့်စားမှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော “အနီရောင်မျဉ်း”
သို့သော်လည်း ကျွမ်းကျင်သူအများစုက အီရန်သည် အစ္စ ရေးနှင့် ဟစ်ဇဘိုလာ ထိတွေ့မှုတိုင်းတွင် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်မည့် အလိုအလျောက်တုံ့ပြန်မှုစနစ် (Automatic Trigger) မျိုးကို လုပ်ဆောင်မည်မဟုတ်ဟု ယူဆကြသည်။
လုံခြုံရေးဆိုင်ရာ ပါမောက္ခ အန်ဒရီယပ်စ် ခရစ်ဂ် (Andreas Krieg)က အီရန်သည် လက်ဘနွန်ဘေးတွင် ပိုမိုပြတ်သားသော် လည်း ပြောင်းသာလဲသာရှိသော (Flexible Red Line) မျဉ်းတစ်ခုကို တားလိုက်ခြင်းဖြစ်ကြောင်း၊ တီဟီရန်သည် မရေရာမှု (Ambiguity) ကို အသုံးချ၍ အစ္စ ရေးကို ထိန်းချုပ်လိုသော် လည်း တစ်ဖက်တွင်မူ အစ္စရေးက ဖန်တီးသည့် စစ်ပွဲအချိန် ဇယားကြီးထဲသို့ အလုံးစုံဆွဲသွင်းခံရခြင်းမှ ရှောင်လွှဲနိုင်ရန် လှုပ်ရှားကွက်ချန်ထားခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် အီရန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေ ဖြင့် အရှေ့အလယ်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော စစ်ပွဲကြီးဖြစ်ပွားခြင်းကို ရှောင်လွှဲလိုပြီး သံတမန်နည်းလမ်းဖြင့်သာ ရလဒ်ရယူလိုသည်ဟူသော အချက်အပေါ် အခြေခံကာ စစ်ရေးအရ တွက်ချက်စွန့်စားမှု (Calculated Risk) ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကျပ်အတည်းနှင့် သံတမန်ရေးရာ ရှေ့အလားအလာ
လတ်တလောတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း ၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် “အစ္စရေးနဲ့ အီရန်တို့ဟာ အပြန်အလှန် ပစ်ခတ်နေတာတွေကို ချက်ချင်းရပ်တန့်ရပါမယ်” ဟု တိုက်တွန်းထားသော်လည်း လက်တွေ့တွင် အမေရိကန်နှင့် အစ္စရေးတို့အကြား ဦးစားပေးမှုချင်း ကွဲပြားနေသည်။
• ထရမ့်၏ ဦးစားပေး: ဒေသတွင်း စစ်ပွဲကျယ်ပြန့်မလာစေရန်နှင့် အီရန်၏ နျူကလီးယားအရေး၊ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များကို အောင်မြင်စွာ ရယူနိုင်ရန်။
• နေတန်ယာဟု၏ ဦးစားပေး: လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့ကို စစ်ရေးအရ အမြစ်ပြတ်ချေမှုန်းရန်နှင့် စစ်ဆင်ရေးများ တိုးမြှင့်ရန်။
လေ့လာဆန်းစစ်သူ အလီ ရစ်ဇ် (Ali Rizk) ၏ သတိ ပေးချက်အရ ထရမ့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်ကို ဗုံးကြဲနိုင်ရေးအတွက် အီရန်နှင့် ဆွေးနွေးမှုများကို အနစ်နာခံလိုက်ပါက၊ ၎င်းသည် အစ္စရေး၏ ရုပ်သေးရုပ်သက် သက်ဖြစ်နေသည်ဟု ပြည်တွင်းတွင် ဝေဖန်ခံရနိုင်ပြီး လာမည့် အမေရိကန်ကြားဖြတ် ရွေး ကောက်ပွဲ (Midterms)တွင် ဆိုးရွားစွာ ထိခိုက်နိုင်သဖြင့် အစ္စရေးကို အရှိန်လျှော့ရန် ဖိအားပေးလာနိုင်ခြေ အရှိန် အဟုန် မြင့်မားနေသည်။
နိဂုံးချုပ် သုံးသပ်ချက်
လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်များအရ မတ်လကတည်းက တိုက်ပွဲများ ပြန်လည်စတင်ခဲ့ရာတွင် အနည်းဆုံး လူပေါင်း ၃,၆၁၃ ဦး သေဆုံးကာ ၁၁,၀၇၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အစ္စရေးက လက်ဘနွန်နိုင်ငံ၏ ငါးပုံတစ်ပုံခန့်ကို သိမ်းပိုက်ထားသဖြင့် လူဦးရေတစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
သံတမန်ရေးရာ ညှိနှိုင်းမှုများ ရှိနေလင့်ကစား ဟစ်ဇဘိုလာခေါင်းဆောင် နာအင် ကာဆမ် (Naim Qassem) က လက်ဘနွန်ပေါ်သို့ ဗုံးကြဲနေသရွေ့ အစ္စရေးမြောက်ပိုင်းကို ဆက်လက်တိုက်ခိုက်မည်ဟု အပြတ်ငြင်းပယ်ထားသည်။
သို့ဖြစ်ရာ လက်ဘနွန်နိုင်ငံသည် အစ္စရေးအတွက် စစ်ရေးပစ်မှတ် ဖြစ်နေသရွေ့၊ အီရန်အတွက် မဟာမိတ်ကာကွယ်ရေး စစ်မျက်နှာ ဖြစ်နေသရွေ့ နှင့် အမေရိကန်အတွက် သံတမန်ရေးရာ အကျပ်အတည်းဖြစ်နေသရွေ့ အီရန်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို အချိန်မရွေး ပျက်ပြားသွားစေနိုင်သည့် အဓိက အကျပ်အတည်းဗဟိုချက်(Breaking Point)အဖြစ် ဆက်လက် တည်ရှိနေဦးမည် ဖြစ်ပါသည်။
Telegram»…
https://t.me/positiveanglenews
#PAN