
(နိုင်ငံတကာ) ဇွန် ၆
အိုင်ယာလန်နိုင်ငံသည် အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင်ဂါဗီယာ (Itamar Ben-Gvir)နှင့် ဘဏ္ဍာရေးဝန်ကြီး ဘီဇာလယ် စမောထရစ်ချ် (Bezalel Smotrich)တို့ကို ၎င်းတို့၏ ပါလက်စတိုင်းလူမျိုးများအပေါ် လူမျိုးတုံးဖယ်ရှားလိုသည့် ပြုမူဆောင်ရွက်ချက်များကြောင့် အိုင်ယာလန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် လုံးဝပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။
အိုင်ယာလန်ဝန်ကြီးချုပ် မီဟော မာတင် (Micheal Martin)က အဆိုပါလက်ယာစွန်းရောက် ဝန်ကြီးနှစ်ဦးသည် “ပါလက်စတိုင်းမြေပေါ်ကနေ ပါလက်စတိုင်းလူမျိုးတွေကို အပြီးတိုင်ဖယ်ရှားပစ်ချင်တဲ့ အလိုဆန္ဒ” ရှိကြောင်း လူသိရှင် ကြား လှုံ့ဆော်ခဲ့ကြပြီး၊ ပါလက်စတိုင်းပြည်သူများကို ၎င်းတို့၏ ဇာတိမြေမှ အိုးအိမ်စွန့်ခွာစေမည့် မူဝါဒများကို ပံ့ပိုးကူညီနေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း သောကြာ နေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ဘင်ဂါဗီယာနှင့် စမောထရစ်ချ် နှစ်ဦးစလုံးသည် ပါလက်စတိုင်းနယ်မြေများကို အစ္စရေးက သိမ်းပိုက်ရန်နှင့် ဂါဇာဒေသမှ ပါလက်စတိုင်းပြည်သူများကို မောင်းထုတ်ရန် ထပ်ဖန်တလဲလဲ တောင်းဆိုခဲ့ကြသူများ ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်လက ဂါဇာသို့ ဦးတည်မောင်းနှင်ခဲ့သည့် ကူညီရေးသင်္ဘောအုပ်စုတွင် ပါဝင်ခဲ့ကြသော ပါလက်စတိုင်းလိုလားသူ တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းစဉ် မျက်စိပိတ်၊ လက်ထိပ်ခတ်ပြီး ကြမ်း ပြင်ပေါ်၌ ဒူးထောက်ခိုင်းထားသည့် မြင်ကွင်းကို ဝန်ကြီးဘင်ဂါဗီယာကိုယ်တိုင် လှောင်ပြောင်သရော်ထားသည့် ဗီဒီယိုအား လူမှုကွန်ရက်တွင် မျှဝေခဲ့သဖြင့် ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်သော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
အိုင်ယာလန် တရားရေးဝန်ကြီးဌာနကလည်း အဆိုပါ အစ္စ ရေးဝန်ကြီးနှစ်ဦး အိုင်ယာလန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလာပါက ပြည်ဝင်ခွင့် လုံးဝငြင်းပယ်ရန် လူဝင်မှုကြီး ကြပ်ရေးအရာရှိများကို ညွှန်ကြားထားပြီးဖြစ်သည်။ ၎င်းဝန်ကြီးနှစ်ဦးသည် လက်ရှိ အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင် နေတန်ယာဟု၏ လက်ယာညွန့်ပေါင်းအစိုး ရအဖွဲ့၏ အဓိက အခြေခံဒေါက်တိုင်များ ဖြစ်ကြသည်။
မွန်တီနီဂရိုးနိုင်ငံတွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတစ်ခု၌ အိုင်ယာလန်ဝန်ကြီးချုပ် မာတင်က ပြောကြားရာတွင် ဤအစ္စရေးဝန်ကြီးနှစ်ဦး၏ ပြုမူဆောင်ရွက်ချက်များသည် ဥရောပသမဂ္ဂ (EU) အဆင့်တွင်ပါ ပိတ်ဆို့အရေးယူရန် ထိုက်တန်ကြောင်းနှင့် ၎င်းအနေဖြင့် အီးယူမျက်နှာစာတွင်ပါ ယခုကိစ္စကို တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဂါဇာဒေသအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ စတင်ကတည်းက အိုင်ယာလန်နိုင်ငံသည် အစ္စရေးကို အပြင်းထန်ဆုံး ဝေဖန်ရှုတ်ချခဲ့သည့် ဥရောပနိုင်ငံများထဲတွင် ပါဝင်ခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိ အမှတ်ပြုခဲ့သည်။
ယင်းနောက်ပိုင်းတွင် အစ္စရေးက ဒဗ္ဗလင်မြို့ရှိ ၎င်း၏ သံရုံးကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ လက်ရှိတွင် ဘင်ဂါဗီယာနှင့် စမောထရစ်ချ်တို့သည် ဗြိတိန်၊ စပိန်၊ စလိုဗေးနီးယားနှင့် ပြင်သစ်နိုင်ငံတို့၏ ပြည်ဝင်ခွင့်ပိတ်ပင်မှုကိုလည်း ရင်ဆိုင်ထားရကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN