၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ခေါင်းဆောင် ၂၆ ဦး တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြပြီး ပထဝီနိုင်ငံရေး သဘောထားကွဲလွဲမှုများရှိသော်လည်း တရုတ်ဈေးကွက်ကို ကမ္ဘာက မျက်စိကျနေဆဲဖြစ်ကြောင်း ပြသနေ

(နိုင်ငံတကာ) ဇွန် ၂

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗတ် ကူးပါး(Yvette Cooper) ၏ ယခုအပတ် တရုတ်နိုင်ငံ ခရီးစဉ်အပါအဝင် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်သီးနိုင်ငံပေါင်း ၂၃ နိုင်ငံမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီး ၂၆ ဦးအထိ တရုတ်နိုင်ငံသို့ စဉ်ဆက်မပြတ် လာရောက်လည် ပတ်လျက်ရှိကြောင်း သိရသည်။

     တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ယခုနှစ်အတွင်း ပြည်ပသို့ ခရီးထွက်ခွာခြင်းမပြုဘဲ နိုင်ငံအတွင်း၌သာ ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံတွေ့ဆုံနေခြင်းဖြစ်ရာ ပေကျင်းမြို့တော်သည် ကမ္ဘာ့သံတမန်ရေးရာနှင့် ကုန်သွယ်ရေးဆွေး နွေးပွဲများ၏ ဗဟို ချက် ဖြစ်လာခဲ့သည်။

     အလ်ဂျာဇီးရား (Al Jazeera) သတင်းဌာန၏ စာရင်းဇယားများအရ ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်ကမ္ဘာ့ခေါင်း ဆောင်များထဲတွင် ဥရောပဒေသမှ ၁၀ ဦးဖြင့် အများဆုံးဖြစ်ပြီး၊ အာရှမှ ၈ ဦး၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ မြောက်အမေရိကနှင့် လက်တင်အမေရိကတို့မှ ၂ ဦးစီ ပါဝင်ကြသည်။

     အထင်ရှားဆုံးခေါင်းဆောင်များအဖြစ် ကနေဒါဝန်ကြီး ချုပ် မာ့ခ် ကာနီ (Mark Carney)၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer)၊ ဂျာမနီအဓိပတိ ဖရီးဒရစ် မာဇ် (Friedrich Merz)၊ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ် (Pedro Sanchez)၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin)တို့ မိမိတို့ခရီးစဉ်အလိုက် လာရောက်ခဲ့ကြသည်။

ဥရောပနိုင်ငံများအနေဖြင့် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် တရုတ်-ရုရှား ဆက်ဆံရေးတို့အပေါ် ပေကျင်းအစိုးရနှင့် သဘော ထားကွဲလွဲမှုများ ရှိနေလင့်ကစား၊ တရုတ်နိုင်ငံ၏ ကြီးမားလှသော စီးပွားရေးသြဇာနှင့် ဈေးကွက်ကို လျစ် လျူရှု၍မရသဖြင့် နီးကပ်စွာ ထိတွေ့ဆက်ဆံရန် စိတ်အားထက်သန်နေကြသည်။

     တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်စည်နိုင်ငံခြားကုန်သွယ်မှု သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၅ ထရီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အကြီးမားဆုံး ကုန်စည်ကုန်သွယ်မှုနိုင်ငံအဖြစ် ၉ နှစ်ဆက်တိုက် ရပ်တည်နေ သည်။ ထို့ပြင် သွင်းကုန်နှင့် ပို့ကုန်တန်ဖိုး ကွာခြားချက်ဖြစ်သည့် ကုန်သွယ်မှုပိုလျှံမှုသည်လည်း သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ ရောက်ရှိခဲ့သဖြင့် “ကမ္ဘာ့စက်ရုံကြီး” အဖြစ် ၎င်း၏အခန်းကဏ္ဍမှာ ပိုမိုခိုင်မာလာသည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်မှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်အတွင်း အပြန် အလှန် အကောက်ခွန်တိုးမြှင့်မှုများ ရှိခဲ့သော်လည်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၄၁၄.၇ ဘီလီယံအထိ ရှိခဲ့သည်။ ၎င်းနောက်တွင် ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အစဉ်လိုက်ရပ်တည်နေသည်။

     ယခုအခါ တရုတ်နိုင်ငံသည် တီရှပ်နှင့် ဖိနပ်ကဲ့သို့ တန်ဖိုးနည်းကုန်စည်များ ထုတ်လုပ်ရာမှ လျှပ်စစ်ကား (EV) နှင့် နေရောင်ခြည်စွမ်းအင်သုံးအပြား (Solar Panel) ကဲ့သို့ တန်ဖိုးမြင့်နည်းပညာထုတ်ကုန်များဆီသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့ပြီး၊ အီလက်ထရွန်နစ်ကဏ္ဍတစ်ခုတည်းမှပင် တစ်နှစ်လျှင် ဒေါ်လာ ၁ ထရီလီယံကျော် ဖိုး ကမ္ဘာသို့ တင်ပို့နေပြီဖြစ်သည်။

     သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံများအတွက် တရုတ်နိုင်ငံသည် အရေးပါသော ပို့ကုန်ဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှု အရင်း အမြစ်နှင့် ပထဝီနိုင်ငံရေးအရ သြဇာကြီးမားသော မဟာ ဗျူဟာမြောက် မိတ်ဖက်ဖြစ်နေဆဲ ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN