တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

(လွှတ်တော်) ဇွန် ၂

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ အစီအစဉ် ၁၅ ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄) ဦး ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း၊ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာခြင်းနှင့် အစီအစဉ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် အစည်းအဝေး မတက်ရောက်နိုင်သူများအတွက် ခွင့်ပန်ကြားခြင်းနှင့် တက်ရောက်မှုအခြေအနေများကို မှတ်တမ်းတင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ဒုတိယပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံသို့ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကိုလည်း မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းခဲ့သည့် မေးခွန်းများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။

ဦးကျော်ငြိမ်းအောင်၊ တာချီလိတ်မဲဆန္ဒနယ်၏ ပြည်တွင်းအခွန်ဦးစီးဌာန၏ မော်တော်ကား ဝယ်ယူ၊ ရောင်းချခြင်းများအပေါ် အခွန်စည်းကြပ်ရန် စံနှုန်းသတ်မှတ်ထားရှိသည့် ပေါက်ဈေးနှုန်းများထက် ထက်ဝက်ကျော်ဈေးနှုန်းထားများဖြင့် ရောင်းဝယ် လုပ်ကိုင်နေခြင်းများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီမံကြပ်မတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ် မရှိပါက အဘယ့်ကြောင့်နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်မည်ကို မေးမြန်းခဲ့သည်။

စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်၊ လင်းခေးမဲဆန္ဒနယ်၏ ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များတွင် လက်ကျန်ဆီများရှိနေပါလျက်နှင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဈေးနှုန်းချက်ချင်း မြှင့်တင်ပြီး အမြတ်ကြီးစားနေသောဆီဆိုင်များအား မည်သို့သော ထိရောက်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်၊ ရှမ်းပြည်အရှေ့ပိုင်းရှိမြို့များတွင် အိမ်နီးချင်းနိုင်ငံများမှ တင်ပို့မှု ကန့်သတ်လာပါက ဈေးနှုန်းတည်ငြိမ်စေရန်အတွက် အစိုးရတွင်မည်သို့သောအစီအစဉ်နှင့် အစားထိုးဝယ်ယူမည့် လမ်းကြောင်းများ ပြင်ဆင်ထားသည်ကို သိရှိလိုခြင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ကော်မတီအနေဖြင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ် ပြတ်လပ်မှု ရှိ၊မရှိ၊ မတန်တဆဈေးနှုန်းများအား ထိန်းညှိပေးရန် အစီအစဉ် ရှိ၊မရှိနှင့် စီးပွားရေးသမားများ၏ ခေါင်းပုံဖြတ်မှုမှ ပြည်သူလူထုကို ကာကွယ်ပေးရန်အတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့သည်။

  • ဦးကောင်းသက်စံ (သီပေါ မဲဆန္ဒနယ်) က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ရရှိမည့်အချိန်နှင့် မည်သို့ ခွဲဝေဖြန့်ဖြူးမည့် အစီအစဉ်ရှိကြောင်း မေးမြန်းခဲ့သည်။
  • စိုင်းထွန်းလင်း (မိုးနဲ မဲဆန္ဒနယ်) က နမ့်စန်ခရိုင် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့အတွင်းရှိ ခမရ (၅၆၉) သို့ ပို့လွှတ်ထားသည့် ဓာတ်အားလိုင်းတွင် အန္တရာယ်ရှိသည့် သစ်တိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ပေးရန်နှင့် လိုင်းလမ်းကြောင်းကို မြို့ပတ်လမ်း (သို့မဟုတ်) မြို့ရှောင်လမ်းဘက်သို့ ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
  • ဦးကျော်သန်း (မာန်အောင် မဲဆန္ဒနယ်) က မာန်အောင်မြို့ လျှပ်စစ်မီးရရှိရေးအတွက် ခအုန်းမော်ကျေးရွာရှိ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိနှင့် အကောင်အထည်ဖော်မည့် ဘဏ္ဍာနှစ်ကို မေးမြန်းခဲ့သည်။
  • ဒေါက်တာမျိုးထွန်း (လားရှိုး မဲဆန္ဒနယ်) က ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်များအတွက် စက်သုံးဆီခွဲတမ်း ပြန်လည်ချမှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပြန်လည်ချမှတ်မည့် အချိန်ကာလကို မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီးများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ ဖွဲ့စည်းကြောင်းနှင့် ကော်မတီဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပြီး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် သက်တမ်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် အဆိုပါကော်မတီဖွဲ့စည်းခြင်းနှင့် ဆက်စပ်အချက်များကို လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်သူ့လွှတ်တော်ကော်မတီများတွင် အဖွဲ့ဝင်များ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းများကိုလည်း အတည်ပြုခဲ့ပြီး ပထမနေ့အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။

#PAN