(လွှတ်တော်) မေ ၃၀
ဥပဒေပညာရှင်များနှင့်တွေ့ဆုံပြီး ဥပဒေစကားဝိုင်းပြုလုပ်ရန် မိမိအမြဲစဉ်းစားခဲ့ပြီး ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက်ပြီး ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ခေတ်နှင့်အညီ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင် (အငြိမ်းစား) များအား မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ တွေ့ဆုံစဉ် ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တွေ့ဆုံပွဲပြုလုပ်ရခြင်းမှာ ပြည်သူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းရာ၌ အထောက်အကူဖြစ်စေရန်နှင့် ထိရောက်စေရန်အတွက် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ ဥပဒေပညာရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ပါကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဥပဒေ၏ အကာအကွယ်အောက်တွင် ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရမည်ဟု အဆိုပါတွေ့ဆုံပွဲတွင်ပြောဆိုခဲ့ကြောင်း သိရသည်။
လတ်တလောအနေဖြင့် နိုင်ငံတော်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ဆောလျင်စွာ ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပညာရှင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုသည်ဟုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဖွဲ့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင် (အငြိမ်းစား) များက ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#PAN