
(နိုင်ငံတကာ)မေ ၃၀
အရပ်သားများနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများအပေါ် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်ဟူသော ခိုင်လုံသည့် သက်သေအထောက်အထားများကြောင့် ကုလသမဂ္ဂ၏ “ပဋိပက္ခနှင့် ဆက်နွှဲနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” နာမည်ပျက်စာရင်း (Blacklist)တွင် အစ္စရေးနှင့် ရုရှားနိုင်ငံတို့ကို အသစ်ထည့်သွင်းလိုက်ကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
ယခုလုပ်ရပ်ကြောင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ဆက်ဆံရေးအားလုံးကို အပြီးတိုင် အဆက် အသွယ်ဖြတ်တောက်သွားမည်ဟု ကြေညာခဲ့သည်။
ယခုနှစ် ကုလသမဂ္ဂ၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း ဂါဇာကမ်းမြောင်ဒေသနှင့် သိမ်းပိုက်ခံအနောက်ဘက်ကမ်း (West Bank)တို့တွင် ပါလက်စတိုင်း အမျိုး သား ၁၄ ဦး၊ အမျိုးသမီး ၇ ဦး၊ ယောက်ျားလေး ၉ ဦးနှင့် မိန်းကလေး ၁ ဦးတို့အပေါ် အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များက ညှဉ်းပန်းနှိပ်စက်မှုပုံစံအဖြစ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုအများအပြား ကျူးလွန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
ယင်းကျူးလွန်မှုများတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ ပစ္စည်းကိရိယာများဖြင့် မုဒိမ်းကျင့်ခြင်း၊ မျိုးပွားအင်္ဂါများကို သေနတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ အဝတ်အစားများ အဓမ္မချွတ်၍ ခန္ဓာကိုယ်တွင်းအထိ ရှာဖွေခြင်းနှင့် မုဒိမ်းကျင့်မည်ဟု ခြိမ်းခြောက်ခြင်းများ ပါဝင်သည်။
သားကောင်ဖြစ်ရသူများထဲတွင် သတင်းထောက်များနှင့် လူ့အခွင့်အရေးကာကွယ်သူများ ပါဝင်ပြီး၊ အချို့ဖြစ်စဉ်များကို အစ္စရေးတပ်ဖွဲ့များက ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူး၍ သိက္ခာချခဲ့ကြောင်း၊ အမျိုးသားသားကောင်အချို့မှာ ပြင်း ထန်သော စအိုလမ်းကြောင်း သွေးထွက်ခြင်းနှင့် ရောင်ရမ်းခြင်း ဝေဒနာများကို သီတင်းပတ်ပေါင်းများစွာ ခံစားခဲ့ရကြောင်း ပါရှိသည်။
တစ်ချိန်တည်းမှာပင် အဆိုပါ နာမည်ပျက်စာရင်း၌ ရုရှားစစ်တပ်ကိုလည်း ထည့်သွင်းခဲ့ပြီး၊ ယူကရိန်းနိုင်ငံအတွင်း ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် မုဒိမ်းမှု၊ အုပ်စုဖွဲ့မုဒိမ်းမှုနှင့် မျိုးပွားအင်္ဂါများကို လျှပ်စစ်ရှော့ခ်တိုက် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်စဉ်ပေါင်း ၃၁၀ ခုကို ကုလ သမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အတည်ပြု မှတ်တမ်းတင်နိုင်ခဲ့သည်။ အဆိုပါ ရာဇဝတ်မှုများကြောင့် ယူကရိန်းအမျိုးသား ၂၈၀ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် မိန်း ကလေး ၄ ဦး ထိခိုက်နာကျင်ခဲ့ရသည်။
ယခုအစီရင်ခံစာကို ရေးသားခဲ့သူ ကုလသမဂ္ဂအရာရှိ ပရာမီလာ ပက်တန် (Pramila Patten) က အစ္စရေးဘက်က စွပ်စွဲ ချက်များကို ငြင်းဆိုနေသော်လည်း ၎င်းတို့တောင်းဆိုသည့် ကာကွယ်တားဆီးရေး အစီအမံများနှင့် ပတ်သက်၍ အစ္စရေးအစိုးရထံမှ မည်သည့်အနှစ်သာရရှိသော တုံ့ပြန်မှုမျှ မရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ပဋိပက္ခနှင့် ဆက်နွှဲနေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၁၀,၀၀၀ ခန့် မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခင်နှစ်ထက် နှစ်ဆကျော် မြင့်တက်လာကြောင်း သိရသည်။ ယခုစာရင်းတွင် ထည့်သွင်းခံရခြင်းကြောင့် စီးပွားရေးပိတ်ဆို့မှု ချက်ချင်းမလာနိုင်သော်လည်း၊ နိုင်ငံတကာတွင် ကြီးမားသော ဂုဏ် သိက္ခာပျက်စီးမှု ဖြစ်ပေါ်စေမည့်အပြင် ကုလသမဂ္ဂ ငြိမ်း ချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့် အပိတ်ပင်ခံရမည်ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN