(စိုက်ပျိုးရေး) မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မအူပင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန် (FPTP)၊ ဒေါ်သူဇာသန်းမြင့် (PR)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ကော်မတီဝင်များ၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးပိုင်ပေါ်ထွန်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသောင်းသိန်းဌေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တောင်သူများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ခရိုင်မြေစာရင်းဦးစီးမှူးက ရက် (၁၀၀) စီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) များကို ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#PAN