(စိုက်ပျိုးရေး) မေ ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ စိုက်ပျိုးရေးသင်တန်းကျောင်းရှိ တောင်သူပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ရက် (၁၀၀) စီမံချက်အရ သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲနှင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဝါသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နေ့လည် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အောင်လံမဲဆန္ဒနယ်) ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (PR) ဦးအောင်ချိန်၊ အောင်လံခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးစီးအရာရှိများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ရက် (၁၀၀) စီမံချက်၏ ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အသုံးပြုရေးနှင့် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်လာရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့ပြင် တောင်သူများအား စိုက်ပျိုးရေးအသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် တောင်သူလယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသစီးပွားရေးနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ရက် (၁၀၀) စီမံချက်အရ တောင်သူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်နှင့် တာဝန်ရှိသူများက သီးနှံမျိုးစေ့များနှင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝါသီးနှံမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
#PAN