
(ပညာရေး) မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၅ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံမှုများကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၁၀၀) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၈) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၂) ကျောင်း၊ အထက်တန်းကျောင်း (၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်း စုစုပေါင်း (၁၆၈) ကျောင်းရှိကြောင်း သိရသည်။
သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ၏ ကျောင်းအပ်နှံမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည့်အချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။