(နိုင်ငံတကာ) မေ ၂၃
ရနောင်း ရေလုပ်ငန်းဝင်ထွက်ခွင့် ထိန်းချုပ်ရေးစင်တာ (PIPO) ၏ အကြောင်းကြားချက်အရ မြန်မာနိုင်ငံသားပိုင် “PHYO HTET ZAW” အမည်ရှိ ကုန်တင်သင်္ဘောတစ်စင်းသည် ထိုင်းနိုင်ငံ ရနောင်းခရိုင် မောင်ရနောင်းမြို့နယ် ပတ်နမ်ကျေးရွာအုပ်စုရှိ ရနောင်းရေလမ်းကြောင်းအနီးတွင် ယနေ့ နံနက်ပိုင်းက နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် ရေယာဉ်မှတ်ပုံတင်အမှတ် MD 0029/22 ဖြစ်ပြီး ပမာဏ ၄၆ တန်ဂရော့စ်ရှိကာ သင်္ဘောသား စုစုပေါင်း ၆ ဦး ပါဝင်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှာ မြောက်လတ္တီတွဒ် ၉.၉၃၂၅၇၄ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၈.၅၈၈၈၃ ဒီဂရီ တို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မူလစုံစမ်းသိရှိချက်များအရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သင်္ဘောအတွင်းသို့ ရေများ ဝင်ရောက်လာခဲ့ပြီး ရေစုပ်စက်ဖြင့် အချိန်မီ ပြန်လည်စုပ်ထုတ်နိုင်ခြင်းမရှိသဖြင့် သင်္ဘောသည် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရာသီဥတုအခြေအနေ မကောင်းခြင်းသည်လည်း အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သက်ဆိုင်ရာများက သုံးသပ်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရနောင်းဒေသ ဆိပ်ကမ်းအာဏာပိုင်ရုံး (MD 5) မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အနီးအနားရှိ ရေယာဉ်များကို ဆက်သွယ်ညှိနှိုင်းကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ရေကြောင်းသွားလာနေသော ရေယာဉ်များအတွက် သတိပေးချက်များကိုလည်း ထုတ်ပြန်ထားရှိကြောင်း သိရသည်။
ထို့အပြင် နစ်မြုပ်သွားသည့် သင်္ဘောအား ဆယ်ယူခြင်း၊ ရေကြောင်းလမ်းကြောင်းမှ ဖယ်ရှားခြင်းနှင့် လိုအပ်ပါက ဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ အမိန့်များ ထုတ်ပြန်ထားရှိပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း သင်္ဘောသားများအားလုံးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့သဖြင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ မရှိဘဲ အားလုံး ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း သိရှိရသည်။

#PAN