(ပညာရေး) မေ ၂၃
၂၀၂၁–၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9) ကျောင်းသားများအတွက် Placement Test (အထူးအစီအစဉ်) ကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်သို့ လျှောက်ထားလိုသူများသည် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း သို့မဟုတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယခင်က ပညာသင်ယူခဲ့ဖူးသူများ ဖြစ်ရမည်ဖြစ်ပြီး မိမိနောက်ဆုံးတက်ရောက်ခဲ့သည့် ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့သည့်အတန်းအတွက် ကျောင်းထောက်ခံချက် (မူရင်း) သို့မဟုတ် မိတ္တူ (မှန်) တင်ပြရမည်ဖြစ်သည်။
ထိုကဲ့သို့ ကျောင်းထောက်ခံချက် မတင်ပြနိုင်ပါက အရေးပေါ်အခြေအနေကြေညာထားသော မြို့နယ်အတွင်းရှိ ကျောင်းတွင် တက်ရောက်ခဲ့ကြောင်းနှင့် အမှန်တကယ် ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် အတည်ပြုတင်ပြရမည်ဟု သတ်မှတ်ထားသည်။
လျှောက်ထားသူများသည် မိမိအသက်အရွယ်နှင့် ကိုက်ညီသည့် တက်ရောက်ရမည့်အတန်း၏ တစ်ဆင့်နိမ့်အတန်းကို Placement Test ဖြေဆိုရမည်ဖြစ်ပြီး၊ ဥပမာအားဖြင့် Grade 9 တက်ရောက်ရမည့် ကျောင်းသားတစ်ဦးသည် Grade 8 ကို ဖြေဆိုရမည်ဖြစ်သည်။
မိမိဆန္ဒအရ အဆင့်နိမ့်အတန်းသို့ တက်ရောက်လိုပါကလည်း ထိုအတန်း၏ တစ်ဆင့်နိမ့်အတန်းကိုသာ ဖြေဆိုရမည်ဖြစ်သည်။
Placement Test တွင် မအောင်မြင်ပါက ဖြေဆိုခဲ့သည့်အတန်းကိုသာ တက်ရောက်ရမည်ဖြစ်ပြီး အသက်နှင့် တက်ရောက်မည့်အတန်းအဆင့်ကို ကိုက်ညီမှုရှိရမည်ဟု သတ်မှတ်ထားသည်။
မွေးသက္ကရာဇ်အတွက် မွေးစာရင်း သို့မဟုတ် အိမ်ထောင်စုစာရင်း (မူရင်း) ပြသပြီး မိတ္တူပူးတွဲတင်ပြရမည်ဖြစ်ပြီး၊ မတင်ပြနိုင်ပါက အိမ်ထောင်စုစာရင်းမိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ကျန်းမာရေးဌာနမှ အသက်ဖော်ပြထားသော ဆေးထောက်ခံချက်တို့ဖြင့် အစားထိုးတင်ပြနိုင်သည်။
Placement Test (အထူးအစီအစဉ်) လျှောက်လွှာများကို ၂၀၂၆ မေ ၂၂ ရက်နေ့မှ စတင်ကာ မြို့နယ်ပညာရေးမှူးရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ပြီး ၂၀၂၆ ဇွန် ၅ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်သည်။
စာမေးပွဲကို ၂၀၂၆ ဇွန် ၁၅ ရက်နေ့မှ ဇွန် ၂၀ ရက်နေ့အတွင်း သတ်မှတ်ထားသည့် စာစစ်ဌာနများတွင် ကျင်းပမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ်များကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ဆက်သွယ်စုံစမ်းနိုင်သည်။
လျှောက်လွှာများကို ပညာရေးဝန်ကြီးဌာန သတ်မှတ်ပုံစံအတိုင်း ပြည့်စုံစွာ ဖြည့်စွက်တင်ပြရမည်ဖြစ်ပြီး မပြည့်စုံသော လျှောက်လွှာများကို ပယ်ဖျက်သွားမည်ဖြစ်သည်။
သတ်မှတ်ရက်အတွင်း မတင်ပြနိုင်ခြင်း သို့မဟုတ် သတ်မှတ်နေရာတွင် မဖြေဆိုနိုင်ပါကလည်း ဖြေဆိုသူစာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။စာမေးပွဲဖြေဆိုရာတွင် ပညာရေးဝန်ကြီးဌာန သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) ကို ဝတ်ဆင်ရမည်ဖြစ်ပြီး အောင်မြင်သူများသည် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင်သာ တက်ရောက်ပညာသင်ယူရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

#PAN