ကျောက်ဆည်မြို့နယ်တွင် လူငယ်တွေ့ဆုံပွဲကျင်းပ

(ပြည်တွင်း) မေ ၂၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲကို ယနေ့နံနက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသားလူငယ်များ၊ ကြက်ခြေနီ လူငယ်များ၊ အားကစားလူငယ်များ၊ ပရဟိတလူငယ်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လူငယ်ဖွံ့ဖြိုးရေး၊ လူငယ်များ၏ အခန်းကဏ္ဍနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောက်ဆည်မြို့မှ တာဝန်ရှိသူများထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အလွှာပေါင်းစုံမှ လူငယ်များက သိလိုသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။