ဒရုန်းတိုက်ခိုက်မှုကြောင့် ယူအေအီး (UAE) ၏ ဘာရာကာ နျူကလီးယားစွမ်းအင်စက်ရုံ အနီးဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွား

(နိုင်ငံတကာ)မေ ၁၈

    ​အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ အယ်လ်ဒါဖရာ(Al Dhafra)ဒေသရှိ ဘာရာကာ(Barakah) နျူကလီး ယားစွမ်းအင်စက်ရုံဝန်းကျင်တွင် တနင်္ဂနွေ နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ယခုဖြစ်စဉ်ကြောင့် အမေရိကန်နှင့် အီရန်အကြား ရရှိထားသော မရေရာသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဒေသတွင်းစစ်မီး ပြန်လည်တောက်လောင်လာနိုင်ခြေအပေါ် နိုင်ငံတကာက အထူးစိုးရိမ်ပူပန်နေကြသည်။

     ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ကျူးကျော်ဝင်ရောက်လာသော ဒရုန်းနှစ်စင်းကို “အောင်မြင်စွာ” ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့သော် လည်း တတိယမြောက် ဒရုန်းတစ်စင်းမှာမူ စက်ရုံ၏ အတွင်းဘက်နယ်နိမိတ်အပြင်ဘက်ရှိ လျှပ်စစ်မီးစက်တစ်ခုကို ထိမှန်ခဲ့သည်။ ဒရုန်းများကို “အနောက်ဘက်နယ်စပ်” မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသော် လည်း အသေးစိတ်ကိုမူ စုံစမ်းစစ်ဆေးနေဆဲ ဖြစ် သည်။

      နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)က ယခုတိုက်ခိုက်မှုကြောင့် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုမှာ အရေးပေါ် ဒီဇယ်မီးစက်များကို ယာယီအား ဖြင့် မှီခိုအသုံး ပြုခဲ့ရကြောင်း အတည်ပြုခဲ့သည်။ IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီ (Rafael Grossi) က ယခုဖြစ်စဉ်အပေါ် “အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ နျူကလီးယားအဆောက်အအုံများကို ခြိမ်းခြောက်သည့် စစ်ရေးလှုပ်ရှားမှုများသည် “လုံးဝလက်ခံနိုင်ဖွယ်မရှိ” ကြောင်း သတိပေးခဲ့သည်။ သို့သော်လည်း ယူအေအီး နျူကလီးယားထိန်းညှိရေးအဖွဲ့က စက်ရုံတွင်း ရေဒီယိုသတ္တိ ကြွမှုအဆင့်မှာ ပုံမှန်အတိုင်းသာရှိပြီး လူထိခိုက်မှုမရှိဘဲ ကျန်ရှိသည့်ယူနစ်များ ပုံမှန်လည်ပတ်နေကြောင်း ဆိုသည်။

     အာရေဗျကျွန်းဆွယ်၏ ပထမဆုံးသော ဤနျူကလီး ယားစက်ရုံ တိုက်ခိုက်ခံရမှုအပေါ် အိမ်နီးချင်း ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ ယင်းသည် ဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ယူအေအီးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ကတည်းက အီရန်၏ ဒရုန်းနှင့် ဒုံးကျည်ပစ်မှတ်ထားခြင်းကို ခံနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ဖူဂျိုင်းရ်ဟ် (Fujairah) ဆိပ်ကမ်းမြို့ရှိ ရေနံအဆောက် အအုံတစ်ခု အီရန်၏ တိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၃ ဦး ဒဏ်ရာရခဲ့သည်။

     အီရန်ကမူ ယူအေအီးသည် အစ္စရေးနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် လုပ်ဆောင်နေပြီး အမေရိကန်စစ်စခန်းများကို လက်ခံထားသည်ဟု စွပ်စွဲထားသည်။ ပဋိပက္ခအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ယူအေအီးသို့ လျှို့ဝှက်လာရောက်ခဲ့သည်ဟူသော သတင်းများကို ယူအေအီးက ငြင်းဆိုထားသော်လည်း၊ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဟပ်ကာဘီကမူ အီရန်ကို ကာကွယ်ရန်အတွက် အစ္စရေး၏ သံမဏိမိုးကာ (Iron Dome) လေ ကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် တပ်ဖွဲ့ဝင်များကို ယူအေအီးသို့ ဖြန့်ကြက်ချထားပေးခဲ့ကြောင်း အတည်ပြုပြောကြားထားသည်။

      ဧပြီလ ၈ ရက်က အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း နှစ်ဖက်တောင်း ဆိုချက်များ ကွာဟလွန်းသဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်နိုင်ဘဲ စစ်မီးက တကျော့ပြန် တောက်လောင်လုနီးပါး ဖြစ်နေသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္ဂနွေနေ့တွင် Truth Social မှတစ်ဆင့် “အီရန်အတွက် အချိန်က တရွေ့ရွေ့ကုန်ဆုံးနေပြီ၊ သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်၊ သိပ်မကြာခင်မှာ သူတို့ဆီမှာ ဘာမှကျန်တော့မှာမဟုတ်ဘူး” ဟု ပြင်းထန်သော ရာဇသံပေး ခြိမ်း ခြောက်ခဲ့သည်။

     ယင်းအပေါ် အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးတန်းပြောရေးဆိုခွင့်ရှိသူ အဘိုဖာဇ်လ် ရှီကာချီက အကယ်၍ ထရန့်က စစ်ပွဲပြန်စလျှင် အမေရိကန်အနေ ဖြင့် “အရှိန်အဟုန်ပြင်းပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ စစ်ရေးအကွက်သစ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ မိမိကိုယ်တိုင် ဖန်တီးထားတဲ့ ရုန်းထွက်ရခက်တဲ့ ရွှံ့နွံထဲကို နစ်ဝင်သွားလိမ့်မယ်” ဟု တနင်္ဂနွေနေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။

​#BarakahNuclearPlant #UAEDroneStrike #DonaldTrump #IranConflict #IAEA #MiddleEastCrisis #PositiveAngleNews #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN