
(နိုင်ငံတကာ)မေ ၁၇
အမေရိကန်နိုင်ငံနှင့် ပြုလုပ်နေသော သံတမန်ရေး ရာ ဆွေးနွေးမှုများသည် လက်ခံနိုင်လောက်သည့် ရလဒ်များ ထွက်ပေါ်မလာပါက တိုက်ရိုက်စစ်ရေးပဋိပက္ခများကို ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi) က ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိပါက အီရန်အနေဖြင့် “အလွန်ဆိုးရွားသော အချိန်ကာလ” နှင့် ရင်ဆိုင်ရမည်ဟု တုံ့ပြန်ထားပြီး၊ ကမ္ဘာကြီးသည် “စနစ်သစ်တစ်ခု၏ အစပျိုးမှုသို့ ရောက်ရှိနေပြီ” ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ဖ်က ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန် – အစ္စရေးနှင့် အီရန်အကြား ပဋိပက္ခစတင်ကတည်းက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)မှာ ပိတ်ဆို့နေခဲ့သည်။ ယင်းကြောင့် အမေရိကန်တွင် စွမ်းအင်ကုန်ကျစရိတ်နှင့် ငွေဖောင်းပွမှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့ပြီး၊ အမေရိကန်အစိုးရသည် ဆယ်စုနှစ်နှစ်ခုနီးပါးကာလအတွင်း မရှိခဲ့ဖူးသော အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် နှစ် ၃၀ သက်တမ်းရှိ ငွေတိုက်စာချုပ် ဒေါ်လာ ၂၅ ဘီလီယံဖိုးကို လေလံ တင်ရောင်းချခဲ့ရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီက X (တွစ်တာ) ပေါ်တွင် “စစ်ပွဲခြိမ်းခြောက်မှု ရှိနေသရွေ့ အမေရိကန်မှာ ငွေဖောင်းပွမှု ဆက်ရှိနေဦးမှာဖြစ်ပြီး ကြွေးမြီနဲ့ အိမ်ရာချေးငွေအတိုးနှုန်းတွေ ထိုးတက်လာတဲ့အခါ အမေရိကန်ပြည်သူတွေ စစ်မှန်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်” ဟု ဆိုကာ စီးပွားရေးကျဆင်းမှု (Recession) ဖြစ်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။
ထို့ပြင် အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မရှင်ကလည်း ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွား လာမှုကို စီမံခန့်ခွဲမည့် ကျွမ်းကျင်မှုဆိုင်ရာယန္တရားကို မကြာမီ ထုတ်ဖော်ပြသမည်ဖြစ်ပြီး၊ အီရန်နှင့် ပူးပေါင်းဆောင်ရွက်သော ကုန်သွယ်ရေးသင်္ဘောများကိုသာ ဖြတ်သန်းခပေးဆောင်စေကာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အမေရိကန်၏ ‘Project Freedom’ ကို ထောက်ခံသူများကိုမူ ဖြတ် သန်းခွင့် လုံးဝပိတ်ပင်မည်ဟု ကြေညာခဲ့သည်။
လက်ရှိတွင် အပစ်အခတ်ရပ်စဲရေးမှာ မရေရာဘဲ တင်း မာနေဆဲဖြစ်ရာ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းများ သည် သောကြာနေ့ညပိုင်းကစတင်၍ အစီအစဉ်တင်ဆက်သူများ ကိုယ်တိုင် အော်တိုမက် တစ် ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ကာ ပြည်သူများအား လက်နက်ကိုင်တွယ်မှု သင်တန်းများတက်ရောက်ရန်နှင့် အသက်စွန့်ရန်အသင့်ရှိကြဖို့ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် အစိုးရပိုင် Ofogh ရုပ်သံလိုင်းတွင် တပ်မှူးတစ်ဦးက မျက်နှာကြက်သို့ သေနတ်ပစ်ခတ်ပြပြီးနောက် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံဖြစ်သော ယူအေအီး (UAE) နှင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ၎င်းနိုင်ငံ၏အလံကို အနီးကပ် ချိန်ရွယ်ပစ်ခတ်ခဲ့သည်။

အီရန်မြို့ကြီးများ၏ လမ်းမများပေါ်တွင် သံချပ်ကာယာဉ်များနှင့် မျက်နှာဖုံးစွပ် လက်နက်ကိုင်များက စစ်ဆေးရေးဂိတ်များဖြင့် ထိန်းချုပ်ထားဆဲဖြစ်သည်။ အီရန်အာ ဏာပိုင်များသည် ပြည်တွင်းအင်တာနက်လိုင်းများကို ၇၈ ရက်ကြာ ဖြတ်တောက်ထားပြီး အစိုး ရဆန့်ကျင်သူဟု ယူဆရသူများကို နေ့စဉ်ရက်ဆက် ကွပ်မျက်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးသည် ဂါဇာကမ်းမြောင် ဒေသသို့ ဆက်လက်တိုက်ခိုက်ရာ ပါလက်စတိုင်း ၁၁ ဦး သေဆုံးခဲ့ပြီး၊ လေဘနွန်နှင့် အပစ်ရပ်ရေး ရက် ၄၅ ရက် တိုးမြှင့်ခဲ့သော်လည်း လေဘနွန်တောင်ပိုင်းရှိ ပစ်မှတ် ၁၀၀ ခန့်ကို နှစ်ရက်အတွင်း ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#USIranConflict #AbbasAraghchi #DonaldTrump #StraitOfHormuz #MiddleEastWar #PositiveAngleNews #BreakingNews #GlobalEconomy
Telegram»…
https://t.me/positiveanglenews
#PAN