ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုအရေး ထရန့်နှင့် ရှီကျင့်ဖျင် ဆွေးနွေး၊ “ဆက်လက်ဖွင့်လှစ်ထားရှိရမည်” ကို သဘောတူ

(နိုင်ငံတကာ)မေ ၁၄

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဟော်မုဇ်ရေ လက်ကြား(Strait of Hormuz) အရေးနှင့် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲဆင်နွှဲနေသည့် အခြေအနေများကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ ဆုံစဉ် ဆွေးနွေးခဲ့သည်။ လက်ရှိတွင် ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ရေလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန် ညှိနှိုင်းမှုများမှာ ရပ်တန့်နေသည်။

     အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ ထရန့်နှင့် ရှီကျင့်ဖျင်တို့သည် ကြာသပတေးနေ့က “ကောင်းမွန် သော” တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး စွမ်းအင်စီးဆင်းမှု လွတ်လပ်စေရန်အတွက် ဟော်မုဇ်ရေလက်ကြားအား “ဆက်လက်ဖွင့်လှစ်ထားရှိရမည်” ကို သဘောတူခဲ့ကြသည်။

     သမ္မတ ရှီကျင့်ဖျင်က အဆိုပါရေလက်ကြားတွင် စစ်ရေးအရ အင်အားပြမှုများကို ဆန့်ကျင်ကြောင်းနှင့် ရေလမ်းအသုံးပြုခ(Toll) ကောက်ခံရန် ကြိုးပမ်းမှုမှန်သမျှကို လက်ခံမည်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့်ကလည်း သီးခြားအင်တာဗျူးတစ်ခုတွင် ရေ လမ်းကြောင်းပြန်ပွင့်ရေးမှာ တရုတ်၏ အကျိုး စီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် ပေကျင်းဘက်က တတ်နိုင်သမျှ ကူညီလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

     Fox News နှင့် အင်တာဗူးတွင် သမ္မတ ထရန့်က စိတ် ဝင်စားဖွယ် အချက်အလက်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အီရန်ထံသို့ “စစ်ဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့မည်မဟုတ်” ကြောင်း သမ္မတ ရှီက ကတိပေးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည် အီရန်ထံမှ ရေနံအမြောက်အမြား ဝယ်ယူနေသူဖြစ်သည့်အတွက် ရေ လမ်းကြောင်း ပိတ်ဆို့နေမှုကို အမြန်ဆုံး ဖြေရှင်းလိုနေခြင်း ဖြစ် သည်။

​     အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖေဖော်ဝါရီ လကတည်းက စတင်ခဲ့သော စစ်ပွဲကြောင့် ရေလက် ကြားမှာ ပိတ်ဆို့လုနီးပါး ဖြစ်နေသော်လည်း ယခုအခါ အပြောင်း အလဲအချို့ ရှိလာသည်။ ဗုဒ္ဓဟူးနေ့က တရုတ်ရေနံတင် သင်္ဘောတစ်စီး ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး၊ အီရန်အစိုးရကလည်း တရုတ်သင်္ဘောအချို့ကို ဖြတ်သန်းခွင့်ပြုရန် သဘောတူညီခဲ့သည်။

      အီရန်အစိုးရသည် “ပါရှန်ပင်လယ်ကွေ့ ရေလက် ကြားအာဏာပိုင်အဖွဲ့” ကို ဖွဲ့စည်းကာ သင်္ဘောများအနေဖြင့် ကုန်စည်အသေးစိတ်နှင့် ပိုင်ဆိုင်မှု အချက် အလက်များကို ကြိုတင်တင်ပြရန် တောင်းဆိုထား သည်။ ၎င်းတို့အပေါ် ရန်လိုသည်ဟု ယူဆရသော သင်္ဘောများကိုမူ ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ် သည်။

     တစ်ဖက်တွင်လည်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ထရန့်၏ ပိတ်ဆို့မှုကို အကောင် အထည် ဖော်ရန်အတွက် အီရန်သို့ သွားမည့် သင်္ဘော ၇၀ စီးကို လမ်းကြောင်းလွှဲစေခဲ့ပြီး ၄ စီးကို လုပ်ငန်းရပ်ဆိုင်းစေခဲ့သည်။

    ဆွေးနွေးမှုများ ရှိနေသော်လည်း ရေပြင်တွင် တိုက် ခိုက်မှုများ ဆက်ရှိနေသည်။ ယူအေအီးကမ်းလွန်တွင် သင်္ဘောတစ်စီးကို အီရန်က ဖမ်းဆီးခဲ့သလို၊ အိန္ဒိယအလံတင် သင်္ဘောတစ်စီးမှာလည်း ဒရုန်း သို့မဟုတ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရကာ နစ်မြုပ်သွားခဲ့သည်။

     လက်ရှိတွင် အမေရိကန်က အီရန်အား ၎င်း၏ သန့်စင်ပြီး ယူရေနီယံများ လွှဲပြောင်းပေးရန် တောင်းဆိုနေပြီး၊ အီရန်ကမူ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန်နှင့် ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်းတို့၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရန် အပြန်အလှန် တောင်းဆိုနေကြဆဲ ဖြစ်သည်။

​#Trump #XiJinping #StraitOfHormuz #OilMarket #IranWar #GlobalNews #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN